အပိုင်း ၃

338 24 2
                                    

(၃)

"နယုန်မိုးသေး မြက်သားမွေး"ဆိုသည့်အတိုင်း မိုးဖွဲကျသော နယုန်လမှာ လယ်ကွက်အချို့တွင် မြက်နုလေးများအစီအရီ ပေါက်နေကြ၏။

ရေကွက်လေးများ ဟိုတစ်စုဒီတစ်စုရှိနေသော ကျွဲခြေရာခွက်လေးများကို တုတ်နဲ့ တဖတ်ဖတ်ရိုက်ရင်းမှ ဒီမနက် အဖေ ထုပ်ပေးလိုက်သော ထမင်းထုပ်ကိုစမ်းမိသွားသည်။

ပူနွေးနေဆဲ ဖြစ်သော ဖက်ထုပ်လေး။

ပူလို့ပဲလား၊တခြားကြောင့်လား မသိ ရဂုံ့ မျက်ဝန်းတွင် မျက်ရည်လေးတွေစို့လာရသည်။ပျော်နေမိတာလား ဝမ်းနည်းမိတာလား။ဘာမှန်းမသိတဲ့ ခံစားချက်က မိုးဖွဲနှင့်အတူရောထွေးနေ၏။

ညီလေးမွေးပြီး တစ်လကျော်ကျော်လောက်မှာ အဖေက ရဂုံ့ကိုသူ့သားအဖြစ် သတ်မှတ်သည့်အနေဖြင့် ကျွဲမသေးသေးလေး နှစ်ကောင်ဝယ်ပေးခဲ့သည်။"တနှစ်ပတ်လုံး လုပ်ခနဲ့"ဟုဆိုပြီး ဝယ်ပေးလာတဲ့ ကျွဲပေါက်လေးတွေသည် ယခု ရဂုံမျက်စိရှေ့မှာ။

ထိုအချိန်မှစ ညီလေး သုံးလနီးပါးရှိသည့် ဒီအချိန်ထိအဖေသည် ဘဲတဲမှာသာနေထိုင်ခဲ့ပြီး ရွာထဲက အိမ်ကို လုံးဝပြန်မလာ။အမေ့ကိုရော အဘွားကိုရော စကားတခွန်းမှမဟတော့ပဲ ရဂုံ့ကိုသာဂရုစိုက်လာခဲ့သည်။

"ဟေ့ ရဂုံ..!!"

ဘဲပု၏ အသံစွာစွာကြောင့် မျက်ရည်ကို အလျင်အမြန် သုတ်လိုက်ပြီး ပြန်ထူးလိုက်သည်။

"ဒီလာခဲ့ဟေ့"

တရွာလုံးမှာ ရဂုံ့ သူငယ်ချင်းဆို၍ ဘဲပု တယောက်သာရှိသည်။သူက သဘောကောင်းပြီး ပျော်ပျော်နေတတ်သည်။အမည်နှင့်မလိုက်အောင်လဲ ရဂုံ့ထက် အရပ်ရှည်ပါသည်။

"မင်းကျွဲကျောင်းသွားတယ်ဆိုလို့"

"အင်း"

မိုးသည်းလာပြီဖြစ်၍ နှစ်ယောက်သားသခွပ်ပင်အောက် ပြေးခိုလိုက်ကြသည်။

သူ့ထက်ငါ အလုယက် ပြေးခဲ့သည်မို့ဟောဟဲဆိုက်ကာ ဘာစကားမျှ မပြောနိုင်ကြ။တအောင့်လောက်ကြာမှ ဘဲပုက မေးလာသည်။

"ကျောင်းတွေ ဖွင့်တော့မယ်ကွ.. မင်းဟိုမှာ ဘယ်နှတန်းထိ နေခဲ့ရလဲ၊ငါကတော့ ခုနစ်တန်းတက်ရမှာ"

"စမ်းနွေရဂုံ"[ Completed ]Où les histoires vivent. Découvrez maintenant