ငြိမ်းချမ်းစွာအိပ်ပျော်နေသော ဆေးရုံခုတင်ထက်ရှိ အမျိုးသမီးသည် လူတွေမြင်နေရသလို သူမက်နေသော အိပ်မက်ထဲတွင် ငြိမ်းချမ်းမနေချေ။ အိပ်မက်ထဲတွင် ငယ်က နွယ်ကို ထားပြီးထွက်သွားသည်။
"ငယ် ငယ် မသွားပါနဲ့။ တို့ကို ထားမသွားပါနဲ့။"
အမှောင်ထဲတွင် နွယ်တစ်ယောက်တည်းငိုကြွေးနေချိန် အလင်းတန်းတစ်ခုနောက်ကို လိုက်ရင်း နွယ် နိုးထလာခဲ့သည်။ နွေးထွေးလွန်းသည့် ထိုအလင်းတန်းဟာ မျက်လုံးနှစ်လုံးပွင့်ပြီး အတန်ကြာသည်အထိ နွယ့်ကို ထွေးပွေးထားသလိုပင်။ သိပ်မကြာခင်တွင် ဒေါ်ခင်ထားနွယ်တစ်ယောက် ထိုအလင်းတန်း၏ အကူအညီဖြင့် သက်သောက်သက်သာနိုးထလာခဲ့သည်။
'တကယ်တော့နွယ်နိုးနေတာ တအောင့်လောက်ရှိပါပြီ။'
ကုတင်ဘေးမှာ ထိုင်ကာ ကုတင်ပေါ်ခေါင်းတင်ပြီး အိပ်ပျော်နေတဲ့ အကောင်လေးကြောင့် ငြိမ်ငြိမ်လေးကြည့်နေလိုက်သည်။ ချစ်စရာကောင်းသော မျက်နှာလေးဟာ မမြင်လိုက်ရသည့် တစ်ရက်အတွင်းမှာ နွမ်းလျစွာ မြင်တွေ့နေရသည်။ ပင်ပန်းနေပုံရသည့်သူ့ကြောင့် နိုးသွားမှာတောင် စိုးမိသည်။
ခဏနေတော့ အကောင်လေး လူးလွန့်လာသည်။ချစ်စရာကောင်းသော မျက်လုံးဝိုင်းဝိုင်းလေးအား ကမ္ဘာကြီးကို ပြသရန် မျက်တောင်ရှည်ရှည်လေးများအား အနည်းငယ် ပုတ်ခတ်လိုက်ရင်း နိုးထလာသည်။ ကမ္ဘာပေါ်တွင် ဒီထက်လှပသော မြင်ကွင်းမျိုးမရှိနိုင်ပေ။"အန်တီ နိုးနေပြီလား။"
"အင်း"
''အန်တီ' တဲ့...နွယ့်ကို 'တီချယ့်ချစ်သူ' ဆိုတာကလွဲပြီး ပထမဆုံး အကောင်လေးခေါ်တဲ့ နာမ်စားဟာ အန်တီတဲ့...'
ကိုယ်ပိုင်နာမ်စားရှိလာသည်ကို ပျော်ရွှင်မိသော်လည်း 'တီချယ့်ချစ်သူ' ဆိုတဲ့ ခေါ်ဝေါ်သံကို လွမ်းဆွတ်မိသည်။ ဟုတ်သည်။ မိမိဟာ ငယ့်ချစ်သူမှ မဟုတ်တော့ပါပဲ။ အမှန်တရားတစ်ခုကို လက်ခံလိုက်ခြင်းဟာ ထိုမျှလောက် ခက်ခဲမည်ဟု နွယ် တစ်ခါမျှ မတွေးခဲ့ဘူးပါ။ သို့သော် ဤအမှန်တရားဟာ နွယ်အတွေးတွေမှားယွင်းခဲ့ကြောင်းကို လက်တွေ့သက်သေပြခဲ့သည်။ တချို့အရာများဟာ အမှန်တရားများဖြစ်ကြောင်းသိမြင်နိုင်သော်လည်း လက်မခံနိုင်ကြချေ။
YOU ARE READING
Love
Romanceအချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။