[Zawgyi]
၁
"တက္ကသိုလ်ကျောင်းတော်သားကို..အကြင်နာပိုမိလို့...အားငယ်မိတဲ့မေ့မှာ...ခင်တွယ်မှာဆိုးလို့..."ယနေ့သည်ကား သူမမျှော်လင့်နေခဲ့ရသော သူမဘဝ၏ တက္ကသိုလ်ပထမဆုံးနေ့ ဖြစ်၍ တွယ်တာ မနက်အစောတည်းက နိုးနေကာ သီချင်းလေးတစ်အေးအေးဖြင့် ကျောင်းသွားဖို့ပြင်ဆင်နေမိသည်။
သူမပြင်ဆင်လုပြီး၌ သူမ၏ ဖခင်က တံခါးလာခေါက်၍
"ပြီးပြီလား တွယ်တာ"
တွယ်တာ tote bag လေးထဲ လိုအပ်သည့် ပစ္စည်းလေးများအမြန်ထည့်ကာ တံခါးဖွင့်လိုက်ပြီး
"ဟုတ်ကဲ့ ဖေဖေ"
သူမ အဖေက တွယ်တာ့ကို ကြည့်ရင်းပြုံးလိုက်ကာ
"ဖေဖေ့သမီးကတက္ကသိုလ်ကျောင်းသူကြီးတောင်ဖြစ်ပြီပဲ"
"တွယ်တာလူကြီးဖြစ်နေပြီလေ ဖေဖေရဲ့"
တွယ်တာ သားထပ်လေးများပေါ်သည်အထိရယ်ပြရင်းပြောလိုက်တော့ သူမ ဖခင်က တွယ်တာ့ခေါင်းလေးကိုပုတ်လိုက်သဖြင့်
"အာ ဖေဖေ ကေပျက်သွားလိမ့်မယ်"
ပုခုံးနီးနီးရှည်သည့်ဆံပင်လေးအား နှစ်ဖက်ခွဲစည်းကာ ရှေ့မှဆံပင်လေးကိုအလယ်ခွဲ၍ချထားသည့် တွယ်တာ့ကို ဖေဖေကသေချာကြည့်လိုက်ပြီး
"အမလေးကြည့်ပါဦး အလှတွေပြင်ထားလိုက်တာ"
"သမီးကလှပြီးသားကိုဖေဖေကလည်း"
ဖေဖေက အားရပါးရရယ်ရင်း
"ကဲ ကဲ နောက်ကျတော့မယ် သွားရအောင်"
တွယ်တာ တို့ သားအဖ ထမင်းစားခန်းကိုရောက်တော့ မေမေက စားစရာများအဆင်သင့်ဖြင့်စောင့်နေ၏။
"အမယ် ငါ့သမီးတယ်လှနေပါလား"
တွယ်တာ မေမေ့ကိုတစ်ချက်နမ်းလိုက်ပြီး ခုံတွင်ဝင်ထိုင်လိုက်ကာ
"အမြဲလှနေတာပါ မေမေရဲ့"
"အတတ်ကလေး"
မေမေက မျက်စောင်းလှလှလေးတစ်ချက်လှမ်းထိုးပြီးတွယ်တာ တို့ မနက်စာစားပြီး၍
"မိန်းမရေ ကိုယ်သမီးကိုတစ်ခါတည်း ကျောင်းပို့လိုက်မယ်နော်"