[Zawgyi]
၁၁"အမလေး သေပါပြီ"
ကြမ်းပေါ်ပြုတ်ကျသွားသောအရှိန်နှင့်အတူ ကျောပြင်ကနာကျင်သွားတော့မှ ဖြိုးအိပ်ယာက နိုးလာ၏။
ချစ်ဇနီး၏အမျက်တော်ကြောင့် ညစာငတ်သည့်အပြင် ဆိုဖာနှင့်ညားနေတာ ၃ညလောက်ရှိပြီ။
ကြမ်းပေါ်မှထထိုင်ပြီး ဖုန်းနာရီကိုကြည့်လိုက်ရာ ၈နာရီထိုးတော့မည်ဖြစ်၍ မျက်နှာသစ်ရန် အခန်းထဲဝင်လိုက်တော့ နွယ့်ကိုမတွေ့။
မျက်နှာသစ်ရေချိုးပြီး အိမ်အနှံ့လိုက်ကြည့်တာလည်းမတွေ့သဖြင့်
"ဒေါ်အေး တီချယ့်ကိုတွေ့မိလားဟင်"
"အစ်မလေး မနက်က အဝတ်လဲပြီးအပြင်ထွက်သွားတာတွေ့လိုက်တယ်"
ဖြိုးက ခေါင်းလေးကုတ်လိုက်ကာ
"ဟုတ်လား"
ထိုနေ့မှာ စနေနေ့ပိတ်ရက်ဖြစ်ရာ နွယ် ဘယ်များသွားပါလိမ့်ဟု ဖြိုးတွေးနေမိ၏။
တွေးမရသည်နှင့် မျိုးခန့်ပိုင်တို့အိမ်များရောက်နေမလား ဟု ဖုန်းဆက်ကြည့်လိုက်သည်။
"ဟယ်လို ဦးခန့်"
"ဖြိုး ပြောလေသမီး"
"တီချယ် ဦးခန့်တို့အိမ်မှာလား"
"မဟုတ်ဘူးသမီးရဲ့ ဘာလို့လဲ သမီး"
"ဘယ်ရောက်နေလဲမသိဘူး"
"မာမားတို့ဆီများရောက်နေလား ဆက်ကြည့်ပါဦး"
"ဟုတ်ကဲ့ ဦးခန့်"
မာမားတို့ဆီမှာလည်းမဟုတ်နေ၍ ဖြိုး ခေါင်းကုတ်နေမိပြီ။
တစ်ဆက်တည်းဗိုက်မှ တဂွီဂွီမြည်လာ၍ မီးဖိုထဲဦးတည်လိုက်၏။
ညစာငတ်သော်လည်း စားခွင့်ရသည့် နံနက်စာလေးတော့ စားလိုက်ပါဦးမည်။~~~~~
ယနေ့ သူငယ်ချင်းများနှင့်အပြင်သွားရန် ချိန်းထားသဖြင့် တွယ်တာ မှန်ရှေ့ပြင်ဆင်နေလိုက်သည်။
Top အသားရောင်လေးအား pants အနက်လေးဖြင့် တွဲဝတ်ထားပြီး ဆံပင်ကိုခွဲမစည်းဘဲ ပုံကျစွာချထား၍ ကြည့်ကောင်းနေ၏။