[Zawgyi]
၉တွယ်တာ ကျောင်းသွားရန်ပြင်ဆင်ပြီးသည်နှင့် ခြံထဲဆင်းကာ နှင်းဆီပန်းအဖြူလေးတစ်ပွင့်ကို ခူးယူလိုက်သည်။
ပန်းကလေးဘေးမှ ဆူးတံလေးများကိုကတ်ကြေးဖြင့်ညှပ်ပြီး ပန်းလေးအား အမြတ်တနိုးနမ်းရှိုက်လိုက်သည်။
"တွယ်တာရေ"
တွယ်တာ ပန်းလေးအား ငေးကြည့်နေရင်း ခိုင့် ကို ပန်းပန်ပေးရမည့်အရေးတွေးကာ ကြည်နူးနေမိတုန်း ဖေဖေ့ခေါ်သံကြောင့်
"ရှင် ဖေဖေ"
"ကျောင်းသွားရအောင်"
ကျောင်းကိုရောက်တော့ အချိန်မှာ ၈နာရီ စွန်းစွန်းသာရှိသေးရာ ခိုင် က မရောက်သေး။
တွယ်တာလည်း ဌာနရှေ့နား ခရေပင်အောက်မှ ခုံတန်းလေးတွင် ထိုင်ပြီး စောင့်နေလိုက်၏။
စောင့်နေတုန်း ပန်းလေးကိုလည်း မကြာမကြာ နမ်းနေမိသေးသည်။
ခိုင် က လာပန်ပေးလို့ပြောလိုက်ပေမဲ့ တကယ်ရော ပန်ပေးခံပါ့မလားလို့ပါ စိတ်ပူနေသေး၏။
"ပန်းဆက်သမ ဘွဲ့လေးတော့ရချင်မိတယ် ခိုင်"
~~~~~
ခိုင် သူမကိုယ်သူမ မှန်ထဲကြည့်ပြီး ပြုံးလိုက်မိ၏။
အသက် ၄၂နှစ်ဟု ဆိုသော်ညား သူမအသွင်သဏ္ဍာန်က အတော်လေးနုပျိုနေသေးသည်။
ဝတ်ဆင်ထားသည့် ကြံရည်ရောင် ဇင်းမယ်ဝမ်းဆက်ကလေးက ခန္ဓာကိုယ်တွင် ချပ်ရပ်စွာနေရာယူထားကာ သူမနှင့်အလွန်လိုက်ဖက်လှသည်။
ခိုင် ဆံထုံးတွင် ဆံထိုးလေးတစ်ခု စိုက်မည်ပြင်လိုက်စဉ် တွယ်တာ့ကိုပြောခဲ့သည့် စကားအားပြန်တွေးမိပြီ ဆံထုံးလေးအား အလွတ်သာ ထားကာ လက်ကိုင်အိတ်လေးဆွဲပြီးထွက်ခဲ့လိုက်သည်။
မမလတ်က ကားကို ဌာနရှေ့ပါကင်တွင် ရပ်လိုက်ပြီး ခိုင်လည်း ကားထဲမှ ထွက်လာကာ အနီးဝန်းကျင်ကို တွယ်တာ ရှိမရှိ မျက်စိကစားမိလိုက်သေး၏။
တွယ်တာ့ကို မတွေ့၍ ခိုင် နှုတ်ခမ်းလေးမဲ့လိုက်တုန်းရှိသေး
"တီချယ်"
တွယ်တာကဘယ်ကနေဘယ်လိုရောက်လာမှန်းမသိ သူမနောက်ကျောတွင် ပန်းလေးကိုင်ပြီးရောက်နေသဖြင့် ခိုင် စိတ်ထဲက ကြိတ်ပြုံးမိသည်။