[Zawgyi]
၂၇"နှင်းဆီဖြူလေးတွေရဲ့အဓိပ္ပာယ်က ဖြူစင်ပြီးသစ်လွင်တဲ့အချစ်တဲ့ ဒီနေ့ကစပြီး သမီးတီချယ်ခိုင့်ကို နှင်းဆီဖြူလေးတွေ နေ့တိုင်းပေးပါ့မယ် သမီးကိုလက်ခံပေးပါ"
တွယ်တာ ခိုင့် ရှေ့သို့နှင်းဆီဖြူလေးကမ်းပေးရင်းပြောလိုက်သော်လည်း ခိုင်ကတစ်ဖက်သို့လှည့်သွားကာ ရုံးခန်းသို့သာ တက်သွားရန်ဦးတည်လိုက်သဖြင့်
"တီချယ် နေပါဦး"
တွယ်တာ က ခိုင့်လက်ကို လှမ်းဆွဲလိုက်ရာ ခိုင် ကြက်သီးထမိသည်။ မထိတွေ့ရတာကြာပြီဖြစ်သည့် ထို အထိအတွေ့ကို ခိုင် လွမ်းမိသော်လည်း ပြန်မထိတွေ့လိုတော့ပါ။
ခိုင် တွယ်တာ့ထံမှလက်ကို ဖြုတ်ချလိုက်ပြီး
"စည်းမကျော်နဲ့ချစ်ခွန်းတွယ်တာ"
ခိုင့်အမူအယာ သည် ပထမဆုံးစတွေ့သည့်ပုံစံကဲ့သို့ပင် ချေမိုးနေသဖြင့်
"သမီးတီချယ့်ကိုချစ်တယ်"
"ငါတော့မင်းကိုမချစ်ဘူး"
ခိုင်ကပြောပြီး ပြန်လှည့်သွားသဖြင့် တွယ်တာ ခိုင့်လက်ကို ထပ်မံပြီးလှမ်းဆွဲလိုက်ကာ
"ဒီပန်းလေးကိုတော့ လက်ခံပေးပါ တီချယ်"
တွယ်တာက အတင်းတောင်းဆိုနေသဖြင့် ခိုင် ခပ်ရွဲ့ရွဲ့လေးပြုံးလိုက်ပြီး တွယ်တာ့ထံမှ ပန်းလေးကိုလှမ်းယူလိုက်၍ တွယ်တာပြုံးမိသည်။
သို့သော် ခိုင် က ထိုပန်းလေးကို မြေကြီးပေါ်ပစ်ချကာ ကတ္တီပါဖိနပ်လေးဆင်မြန်းထားသော ခြေဖဝါးနုနု လေးဖြင့် အားရပါးရ နင်းချေလိုက်ရာ
"တီချယ်"
အလွန်တုန်လှုပ်သွားပုံဖြင့် တွယ်တာက ကြည့်နေ
သဖြင့် ခိုင် ကျေကျေနပ်နပ်ပြုံးမိလေသည်။"နာကျင်တယ်မလား"
ကျေနပ်နေသောခိုင့်အပြုံးလှလှလေးနောက်ကွယ်၌ ပုန်းလျှိုးနေသည့် နာကျင်မှု ပုံရိပ်တို့ကို တွယ်တာ မြင်နေရ၏။
ပါးချိုင့်လေးပေါ်သည်ထိပြုံးနေသော်လည်း ခိုင့် စိတ်ထဲမပါ။ ခိုင် တွယ်တာ့ကို ပြန်လက်ခံဖို့လည်း အားမရှိတော့ပါ။