[Zawgyi]
၂၅တွယ်တာ ဘယ်လိုမှ မနေနိုင်တော့သဖြင့် ယနေ့ အတန်းဆင်းသည်နှင့် ဖြိုးကိုအတင်းတောင်းပန်ကာ ခိုင့် ထံလိုက်ခွင့်ပေးရန် တောင်းဆိုနေမိသည်။
သူမဘာသာ သွားလျှင် မမလတ်ကတွေ့ခွင့်ပြုမည်မဟုတ်။
"ဘာလဲ တွယ်တာ ခုမှတန်ဖိုးထားတတ်နေပြီပေါ့"
မျက်နှာခပ်တည်တည်ဖြင့်ပြောနေသော ဖြိုးကို တွယ်တာ ရဲရဲမကြည့်ရဲ။ မျက်နှာလေးငုံ့ရင်း
"သမီးမှားသွားပါတယ် တီချယ် နောင်တတွေလည်းတကယ်ရနေပါပြီ"
"ကိုယ်ချစ်ရတဲ့အမျိုးသမီးရှေ့ တစ်ခြားယောက်ျားလက်ကိုကိုင်ပြီး သမီးချစ်သူလို့ပြောရဲတဲ့ နင့်ကို ငါ ပြောစရာစကားတောင်မရှိတော့ဘူး"
အမြဲလိုလိုပြုံးနေတတ်ကာ သဘောအလွန်ကောင်းသည့် ဖြိုးပုံစံသည် ယနေ့တွင်တော့ အလွန်တင်းမာနေလေ၏။
"သမီးကိုလိုက်ခွင့်ပြုပါ တီချယ်ဖြိုးရယ် ခိုင့်ကိုသာမတွေ့ရရင် သမီးသေလိမ့်မယ် သမီးမှားပါပြီ"
ဖြိုးကဘာမှပြန်မပြောဘဲ စိတ်တိုနေပုံဖြင့်ကြည့်နေစဉ် နွယ်က သူမတို့ကားရှိလာသို့ရောက်လာကာ
"သွားရအောင် လပြည့်ဝန်းလေး"
တွယ်တာ နွယ့်ရှေ့ဒူးထောက်လိုက်ပြီး
"တီချယ် သမီး တီချယ်ခိုင်ကိုတွေ့ချင်လွန်းပါ သမီးရူးတော့မယ် တီချယ်"
တွယ်တာကငိုယိုပြီး သူမခြေထောက်ကိုကိုင်ကာတောင်းဆိုနေသဖြင့် နွယ် ဖြိုးကိုလှမ်းကြည့်လိုက်တော့ ဖြိုးက သက်ပြင်းချပြီး မျက်နှာတစ်ဖက်လှည့်သွားလေသည်။
"လိုက်ခဲ့ ဒီတစ်ခါပဲရမယ်"
နွယ့်ခွင့်ပြုချက်ရတော့ တွယ်တာ ဝမ်းသာအားရပင်
"ကျေးဇူးတင်ပါတယ် တီချယ် တကယ်ကျေးဇူးတင်ပါတယ်"
ခိုင့်ကိုတွေ့ရတော့မည်ဖြစ်ရာ တွယ်တာ အလွန်ပျော်နေမိသည်။ ဒဏ်ရာဒဏ်ချက်များဖြင့် တွေ့ရမည်ကိုစိတ်မကောင်းသော်လည်း ခိုင့် အခြေအနေကိုသိရတော့မည်ဆိုတော့ ဝမ်းတော့သာမိသည်။