[Zawgyi]
၎ခိုင် ပစ္စည်းများသိမ်းပြီး၍ ရုံးခန်းအောက်ဆင်းလာတော့ မမလတ်၏ ကားလေးက ရောက်လေပြီ။
ကားတံခါးဖွင့်ကာ ရှေ့ခန်းတွင်ထိုင်လိုက်သည်နှင့် မမလတ်က ခိုင့်ကိုကြည့်ပြီး ပြုံးလိုက်ရင်း
"ငါ့ညီမက ကြည့်လေလှလေပဲ"
မမလတ် စကားကြောင့် ခိုင်က ပြုံးပြီး ခေါင်းလေးငုံ့လိုက်ကာ
"ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတာလား မမလတ်"
မမလတ် က ကားမောင်းနေရင်းမှ အသံထွက်သည်အထိရယ်လိုက်၏။
"တကယ်လှတာခိုင်ရဲ့ မမလတ်တို့ညီအစ်မ၃ယောက်မှာ ခိုင်ကအလှဆုံးပဲ ဘာလို့ အိမ်ထောင်မပြုတာလဲ ညီမလေးရယ်"
ခိုင် မမလတ်ကို ချက်ချင်း ဘာမှပြန်မပြောဘဲ ကားမှန်ကိုကြည့်နေရင်းမှ
"ခိုင် အိမ်ထောင်မပြုချင်လို့ပါ"
ခိုင့်အဖြေကြောင့် မမလတ်က ဘာမှမပြောတော့ဘဲ သက်ပြင်းချလိုက်ကာ ကားကိုသူမတို့အိမ်ဘက်သို့ဦးတည်မောင်းလိုက်သည်။
သူမတို့ညီအမ ၂ယောက် အိမ်ကိုရောက်တော့ မမကြီးက ယနေ့ အိမ်စောစောပြန်ရောက်နေပုံပင်။
ဧည့်ခန်းတွင် သတင်းစာထိုင်ဖတ်နေ၏။
မမလတ်က မမကြီးရှေ့ခုံတွင် ထိုင်လိုက်ပြီး ခိုင်ကတော့ အိမ်အပေါ်ထပ်သို့တက်မည်အလုပ်
"ခိုင်"
မမကြီး အသံကြောင့် ခိုင့်ခြေလှမ်းတို့ ရပ်တန့်သွားကာ မမကြီးနားသို့ လှမ်းသွားလိုက်သည်။
"ရှင် မမကြီး"
"ထိုင်ပါဦး"
"ဟုတ်ကဲ့ မမကြီး"
ခိုင်က မမလတ် ဘေးခုံတွင် ဝင်ထိုင်လိုက်တော့ မမကြီးက ခိုင့်မျက်နှာကိုသေချာကြည့်နေကာ
"မျက်နှာနည်းနည်းချောင်သွားတယ် နေကောင်းရဲ့လား မီးငယ်"