[Zawgyi]
၂"ဘယ်လိုလဲ ခိုင် အဆင်ပြေတယ်မလား"
ခိုင် ကားပေါ်တက်လိုက်သည်နှင့် သူမကိုလာကြိုသည့် အစ်မလတ်ဖြစ်သူ သန္တာငြိမ်းက မေးလိုက်သဖြင့် ခိုင် နှုတ်ခမ်းလှုပ်ရုံမျှပြုံးလိုက်ကာ
"ဟုတ်ကဲ့ မမလတ်"
သန္တာက ကားမောင်းနေရင်းမှ မျက်မှောင်ကြုံ့ပြီး
"ဟုတ်ကဲ့ တစ်လုံးတည်းလားအေ"
သူမစကားကြောင့် ခိုင် သဘောကျသွားကာ ညာဘက်မှပါးချိုင့်လေးပေါ်သည်အထိပြုံးမိ၏။
ခိုင်သည် ညီအစ်မ၃ယောက်တွင် အငယ်ဆုံး။
အစ်မကြီး သီတာငြိမ်းက ဆရာဝန်တစ်ဦးဖြစ်ပြီး ခိုင့်ထက်၆နှစ်ကြီးကာ ပုဂ္ဂလိဂ ဆေးရုံကြီးများတွင် လက်မလည်အောင် အောင်မြင်နေသူ။
အစ်မလတ် သန္တာငြိမ်း က ခိုင့်ထက် ၃နှစ်ကြီးကာ အငြိမ်းစားယူထားသည့် ကျောင်းဆရာမ ဖြစ်ပြီး အိမ်တွင်သာ အနေများကာ ပိုးထည်ဆိုင်ကြီးကို အိမ်မှဦးစီးနေသည်။
အငယ်ဆုံးဖြစ်သည့် ခိုင်သွယ်ငြိမ်း (ခေါ် ) ခိုင် ကတော့ ယခင်က အငြိမ်းစားဌာနမှူးတစ်ယောက်ဖြစ်ပြီး ယခုနှစ်မှ အနားယူကာ အပြင်စာသင်ဝိုင်းများ တွင်သင်ကြားနေသူ။ ယခုလည်း private uni တစ်ခုမှ မြန်မာမှုပိုင်းသင်ကြားပေးရန် ကမ်းလှမ်းခံထားရ၏။
မန္တလေးတွင် တာဝန်ကျတာ နှစ်ကြာနေပြီးမှ ဇာတိဖြစ်သည့် ရန်ကုန်သို့ပြောင်းရွှေ့လာသဖြင့် အစ်မ နှစ်ယောက်ကတော့ အတော်လေးဝမ်းသာနေကြသည်။
သူတို့၏အဖိုးတန်ညီမ အပျိုကြီးအား တစ်ကိုယ်တည်းနေနေတာကို အထူးသဖြင့် မမကြီးကစိတ်မချ။
ခိုင့်အသက်မှာ ၄၂ နှစ်ရှိပြီဖြစ်သော်လည်း ယခုထိအပျိုကြီး။
အပျိုကြီးဖြစ်ခြင်းမှာ လာကြိုက်သူမရှိ၍ မဟုတ်။
ညီအမ၃ယောက်တွင် အချောဆုံးဖြစ်သည့် ညိုချောလေးအား အသေရရ အရှင်ရရဟူသည့်ပုရိသတို့ကရိုက်သတ်၍ပင်မကုန်။
သို့သော် အချေမမ ခိုင် ကတော့ တစ်ယောက်ကိုမှလက်မခံ အပျိုကြီးအဖြစ်သာရပ်တည်နေ၏။