[Zawgyi]
၁၄"သမီး တီချယ်ခိုင်ကိုအသက်ထက်ပိုချစ်ပါတယ်"
ချစ်မေတ္တာအငွေ့အသက်တို့ပြည့်လျှမ်းနေသော အကြည့်တို့ဖြင့် ခိုင့် မျက်ဝန်းများကိုကြည့်ရင်းပြောလိုက်သည့် ထိုကလေးမလေး၏ ချစ်စကားကြောင့် ခိုင် တစ်ခနတာ မှင်သက်နေမိသည်။
"တီချယ်ခိုင်သမီးကိုပြန်ပြီးချစ်ပေးနိုင်မလားဟင်"
တွယ်တာက သွက်လက်စွာပင် ခိုင့် လက်ကိုလှမ်းကိုင်ပြီးအဖြေတောင်းနေ၍ ခိုင် အကြည့်လေးတစ်ချက်လွှဲလိုက်ကာ
"ခုချက်ချင်းကြီးပြန်ဖြေရမှာလား"
နှုတ်ခမ်းဖျားက ထွက်ကျမလာသော်လည်း ခိုင့်နှလုံးသားကတော့ ချစ်ခွန်းတွယ်တာ့ ကိုချစ်ပါသည်ဟု အကြိမ်ကြိမ်ပြောနေမိသည်။
"သမီးမလောပါဘူးတီချယ် တီချယ်သမီးကိုချစ်ပါတယ်လို့ပြောတဲ့ထိ စောင့်နေမှာပါ"
တွယ်တာ့၏ ကလေးဆန်သည့်ပုံစံလေးကိုသာ ခိုင် အမြဲလိုလိုတွေ့နေရပြီး ယနေ့တွင်တော့ တွယ်တာသည် လူကြီးလေးတစ်ယောက်လို ရင့်ကျက်နေ၏။
"ဆရာမကို ရည်းစားစကားပြောတာ အဆူခံရမှာမကြောက်ဘူးလား ကလေးမ"
ခိုင့် အမေးကြောင့် တွယ်တာ က နှစ်ခြိုက်စွာပြုံးလိုက်ကာ
"ချစ်ရတဲ့သူမို့ ဘယ်လိုအပြစ်ပေးပေးခံမှာပါ ဒါပေမဲ့ ချစ်ပါတယ် ဆိုတဲ့အဖြေလေးကိုတော့ မျှော်လင့်မိတယ် တီချယ်"
ခိုင် က တစ်ခွန်းမှပြန်မပြောဘဲ ရှက်နေပုံလေးဖြင့် တွယ်တာ့ထံမှအကြည့်လေးလွှဲနေလေ၏။ သို့သော် သူမ၏ လက်လေးကို ကိုင်ထားသော တွယ်တာ့လက် ကိုတော့ ခိုင် လွှတ်မချမိပေ။
ထိုစဉ် စာမေးပွဲဖြေပြီးကြ၍ ထွက်လာကြသူများရော နေ့လည်ဘက်ဖြေရမည့်အသုတ်မှသူများပါ သစ္စာလမ်းပေါ် ဖျောက်စဖျောက်စ ရောက်လာသလို တွယ်တာ့ကို လာကြိုသော ကားလေးကိုလည်းလှမ်းမြင်နေရ၍
"သမီးသွားတော့မယ်နော် တီချယ် သမီးရဲ့မူပိုင်ရှင်လေးဖြစ်ပေးပါနော်"
ကားလေးထံခပ်သွက်သွက်ပြေးသွားသော တွယ်တာ့ နောက်ကျောလေးကိုကြည့်ရင်း ခိုင် ပါးချိုင့်လေးပေါ်သည်ထိပြုံးမိ၏။