part-1

3.7K 159 20
                                    

Unicode☁

~~​တိမ်တွေနဲ့နီးခဲ့တဲ့နေ့~~

"ချူး..... ချူး....."

ရထားဥ​သြဆွဲသံဟာ သံရှည်ဆွဲကာမြည်နေသည်။

မကြာခင်မှာပင် တရွေ့ရွေ့လှုပ်ရှားပြီဖြစ်တဲ့ ပြတင်းပေါက်တစ်ဖက်က ရှူခင်းတွေကြောင့် ရထားစထွက်ပြီဖြစ်ကြောင်း ရိုစေး သိလိုက်ပြီ။ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ဆောင်းလေညှင်းတွေကြား ထင်းရှူးနံ့သင်းသင်းကလေးမွှေးနေသည်။ ရိုစေးထိုလေကို မျက်ဝန်းတွေဖိမှတ်ကာ ခံစားလိုက်သည်။ ရှစ်နှစ်အရွယ်ကောင်ငယ်လေး ရိုစေးက စာရွက်သားအနံ့တွေ ..ထင်းရှူးနံ့တွေ နှစ်ခြိုက်သည်။ လူကြီးတွေသောက်တတ်သည့် ကော်ဖီခါးခါးနံ့မျိုးဆို သိပ်သဘောကျတတ်သည်။

စာအုပ်ဖတ်ရတာကြိုက်တဲ့ ရိုစေးဟာ နော်ဝေတောင်တန်းတွေကိုလည်း အထူးတလည်နှစ်ခြိုက်ပါသည်။ ပြတင်းပြင်ဘက်မှာ တောအုပ်စိမ်းစိမ်းကလေးကို ဝိုးတဝါးမြင်နေရသည်။ တိမ်တွေဖုံးနေသည့် ပြတင်းပြင်ဘက်မှာ ဆောင်းတွင်းမို့ နှင်းမြူဆိုင်းကာ အအေးဓာတ်ကဲသလို အချမ်းလည်းပို၏။ လှုပ်ရှားမှုမရှိ ငြိမ်သက်ကာ ဘေးပြင်ကိုစူးစိမ်းလိုစိတ်အပြည့်နဲ့ကြည့်နေတဲ့ ရိုစေးရဲ့ ဘေးက ခုံအလွတ်မှာတော့ အုပ်ထိန်းသူမရှိ။ ထိုသို့ ရှစ်နှစ်အရွယ် ပိန်ပိန်ပါးပါးနုနုနယ်နယ် ကောင်ငယ်လေးဟာ မိခင်မပါ၍များလားမသိ။ ထိုကလေးငယ်ရဲ့ မျက်ဝန်းတွေမှာလွတ်လပ်ခြင်းတို့မြူးထူးနေသလို ကိုယ်ငယ်လေးဟာငြိမ်သက်နေသလောက် မျက်ဝန်းလေးတွေကတော့ တမူထူးကာ တောက်ပနေလေရဲ့။

ငြိမ်သက်ကာ ရထားပြတင်းပေါက်မှတစ်ဆင့် အပြင်ကိုသာ တစိုက်မတ်မတ် စူးစိုက်ကြည့်နေတဲ့ ကိုယ်သေးသေးဟာ သူ့​ဘေး ခုံအလွတ်ဆီရောက်လာသူကြောင့် တချက်တုန်သွားသည်။ ထို့နောက် အားနာမှုအသိမရှိ၊ ကလေးပီပီ ပေါ်တင်ကြည့်သည်။ အပေါ်တစ်လှည့်..အောက်တစ်လှည့် စူးစမ်းလျက်။

ရထားအတွင်းပိုင်းဟာ နှစ်ယောက်တွဲထိုင်ခုံတွေဖြစ်ကာ လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပင် သူ့ ဘေးကထိုင်ခုံဟာ ထိုင်သူမရှိ လစ်ဟာနေခဲ့သည်။ အခုလူရှိလာချိန်မှာတော့ ဒါဟာရိုစေးအား စူးစမ်းလိုစိတ်ကိုအပြည့်အဝဖြစ်စေပါသည်။ မျက်နှာကိုမကြည့်မီ ရိုစေးဟာသူ့ရဲ့မျက်ဆံကြည်ကြည်လေးတွေကို ခြေထောက်တစ်စုံဆီကိုပို့မိသွားသည်။ အနက်မှိုင်းမှိုင်းဘောင်းဘီရှည်ကိုဝတ်ထားသည့် ခြေတံတွေက ရိုစေးလို ကလေးခြေထောက် ပုပု ပိန်ပိန်လေးတွေမဟုတ်ပါ။ ရိုစေး နဲ့မတူသည့်အတွက် ဒါကသေချာပေါက်လူကြီးတစ်ယောက်ဖြစ်လိမ့်မည်။

Walking On The CloudsWhere stories live. Discover now