part-2

1.1K 89 12
                                    

Unicode☁

Bergen ကိုရောက်တဲ့ ပထမရက်မှာ ရိုစေး မြို့ထဲလျှောက်ပတ်ပြီး နေ့လည်ခင်းလောက်မှ တည်းခိုမဲ့ အိမ်ဆီရောက်ခဲ့ပါသည်။ ပါပါးစီစဉ်ပေးထားခဲ့တဲ့ ရိုစေးအတွက်အိမ်ဂေဟာဟာ မြို့အတွင်းထဲသို့မကျပါ။ ဘာဂန်ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့အမြင့်ပိုင်းကျတဲ့ နေရာမှာတည်ရှိပါသည်။ တက္ကဆီဖြင့် သွားလာနိုင်ပြီး Hope Light လို့ခေါ်တဲ့ လုံးကျင်းအိမ်လေးတွေ စီတန်းနေတဲ့ လမ်းလေးဆီမရောက်မီ အမြင့်ပိုင်းနေရာသို့သွားတဲ့ ဆင်ခြေလျှောတောင်ခြေနားမှာ အလေ့ကျပေါက်နေတဲ့ အရိုင်းပန်းဝါဝါခင်းလေးတွေကို လည်းလမ်းတစ်လျှောက်မှာ တွေ့နိုင်ပါသည်။

လမ်းထဲမှာ တစ်ထပ်တိုက်ပုကလေးတွေများကာ နှစ်ထပ်အိမ် ရှည်ကြီးတစ်ချို့ကိုလည်း နှစ်လိုဖွယ်တွေ့နိုင်ပါသည်။ အိမ်တိုင်းလိုလိုမှာ တောင်အောက်ဆင်းဖို့အသုံးပြုကြတဲ့ အိမ်စီးကားကိုယ်စီကလည်း ခြံထဲရပ်ထားသည်ကိုတွေ့ရသေးသည်။ ရိုစေး တက္ကဆီပေါ်မှ ဆင်းသည်နှင့် ကျသင့်ငွေရှင်းလိုက်ကာ သူ့နေရမဲ့အိမ်လေးကိုသေချာကြည့်လိုက်သည်။ အိမ်တိုင်းလိုလို ဆေးသားအဖြူကိုအများဆုံးအသုံးပြုထားကာ ရိုစေးရဲ့တစ်ထပ်ခွဲအိမ်ကလေးဟာလည်း ထိုနည်းအတိုင်းဖြစ်သည်။ ခြံဝန်းလို့မခေါ်နိုင်သည့် သိပ်မကျယ်တဲ့ဝိုင်းလေးကို ခြံစည်းခတ်ထားသည်။
ခြံဝိုင်းထဲရဲ့ ရှေ့မျက်နှာစာနေရာလေးမှာ ဒန်းတစ်ခုနှင့် ခြံစည်းနား စည်းရိုးသဖွယ်စိုက်ပျိုးထားတဲ့ cosmos ပန်းရောင်စုံလေးတွေရှိသည်။ အိမ်ရဲ့ ဘေးဘက်မှာတော့... ဒေါက်ထောက်ထားတဲ့ စက်ဘီးအပြာလေးတစ်စီးကလည်းရှိသည်။

" Hello, my little home"

ရိုစေးက သူ့ရဲ့ တစ်နှစ်နီးပါးနေထိုင်ရမဲ့ အိမ်ငယ်လေးကို နှုတ်ဆတ်လိုက်ပါသည်။ ထို့နောက် လမ်းမပေါ်ချထားတဲ့အထုတ်အပိုးတွေကို နည်းနည်းချင်း သယ်သွားကာ အိမ်ထဲသူ့နေရာသူချလိုက်သည်။

တစ်ထပ်ခွဲအိမ်လေးက သူ့နေရာနဲ့သူကျယ်ကျယ်ဝန်းဝန်း နေလို့ဖြစ်သည်။ ဧည့်ခန်း၊ မီးဖိုဆောင်၊ စတိုခန်း၊ စာကြည့်ခန်း၊ ရေချိုးခန်း အိမ်သာ ဖြင့် သပ်သပ်ရပ်ရပ်လေး ဖြစ်သည်။အိပ်ခန်းကတော့ မီးဖိုဆောင်ဘေးကလှေကားကတစ်ဆင့်တက်ရသည့် ထပ်ခိုးတွင်ဖြစ်သည်။ ရိုစေး အထုတ်အပိုးတွေနေရာချပြီးတာနဲ့ တစ်အိမ်လုံးနှံ့စပ်အောင်လိုက်ကြည့်လိုက်ပါသည်။ ပါပါးရဲ့ အကူအညီတောင်းမှုကြောင့် အစ်မကအိမ်အတွက်လိုအပ်မဲ့အသေးအဖွဲကအစမိန်းကလေးပီပီထောင့်စေ့အောင် စီစဉ်ပေးထားခဲ့သည်။ အဲ့ဒါကြောင့်လည်း ခုနေ ရိုစေးသက်သာနေတာဖြစ်သည်။ နို့မို့ ခရီးရောက်မစိုက် အသန့်ကြိုက်တဲ့သူကတစ်အိမ်လုံး ဖုန်လိုက်စုပ်နေရမဲ့အဖြစ်။
သေချာပေါက် တစ်နှစ်တစ်ခါလောက်သာမောင်ဖြစ်သူနဲ့တွေ့ရတဲ့ အဲရုမီက အတူလာမနေရကောင်းလားဟူ၍ ရိုစေးကိုဆူခဲ့ပါသေးသည်။

Walking On The CloudsWhere stories live. Discover now