Unicode☁️
ခုနစ်နာရီမှ ဂျူတီချိန်ပြီးမည့်ဒေါက်တာကို ရိုစေးက ညစာအတူစားရန်ပြောထားခဲ့ပါသည်။ မမလည်းရှိနေတယ်ဆိုတော့ ပိုကောင်းသည်လေ... ရိုစေးရဲ့မိသားစုဝင်တစ်ဦးနဲ့ဖြစ်ဖြစ် ဒေါက်တာနဲ့ ရင်းနှီးထားစေချင်သည့်စိတ်အခံလေးဟာအရင်းတည်လာရခြင်းကြောင့်ပင်။
အချိန်က ညနေခင်းသုံးနာရီ။ အစ်မက ရိုစေးရဲ့လက်ကိုချိတ်ကာ mall ထဲ ဟင်းချက်ဖို့ဝယ်ခြမ်းရမယ့် ပစ္စည်းတွေ လိုက်ကြည့်လျက်ရှိသည်။ ထို့နောက်မမရဲ့ ဈေးဝယ်ဆွဲခြင်းထဲမှာ ဆော့စ်ပုလင်းမျိုးစုံ၊ ထောပတ်သီး ပန်းသီးအစရှိသည့်အသီးအနှံတွေနဲ့ ခေါက်ဆွဲလိပ်၊ ဂျုံ့မှုန့်ထုပ်၊ မျက်နှာပန်းလှလှကြက်ရင်ဖုံတစ်ခြမ်းဟာ တစ်ခဏလေးအတွင်း ပြည့်နှက်သွားပါတော့သည်။
"ဒေါက်တာက ထောပတ်သီးကြိုက်မယ်ထင်လား စေးစေး"
"ကြိုက်ကောင်းကြိုက်မှာပါ"
"ဒါဆိုရင် မမ ခေါက်ဆွဲကိုထောပတ်သီးအနှစ်ကလေးနဲ့ လုပ်လိုက်မယ်နော်၊ အဲ့တာကဂျန်နီရဲ့မီနူးအသစ်လေ သိပ်စားကောင်းတာ"
"မမကိုပုံအပ်လိုက်ပြီ... မီနူးအသစ်ကို ရိုစေးလည်း စားကြည့်ချင်တယ်"
"ညစာကို ထောပတ်သီးအနှစ်ပေါင်းခေါက်ဆွဲရယ်၊ ကြက်သားအဆာသွပ်နဲ့ ကိတ်တစ်လုံးဖုတ်မယ်၊ ဒေါက်တာ့ဆီက ဖရုံသီးနဲ့အိမ်ကအသီးအရွက်တွေနည်းနည်းပေါင်းပြီးတော့ Soupတစ်ခွက်လောက်ထပ်ချက်လိုက်မယ်"
"Perfect !!"
ရိုစေးက လက်မလေးနှစ်ချောင်းကိုပါထောင်လိုက်ပြီး အစ်မအဲရုမီရဲ့အကြံကိုထောက်ခံလိုက်တယ်။
ဝယ်ခြမ်းစရာပစ္စည်းတွေကျန်ဦးမလားလိုက်ကြည့်နေရာကနေ အဲရုမီက သတိရသွားဟန်နဲ့ရိုစေးရဲ့ ပုခုံးကိုခပ်ဆဆလေးပုတ်ကာ....
"ဒုက္ခပဲ အဝတ်အစားတွေက ဟိုတယ်မှာကျန်နေခဲ့တယ်..."
"အဝတ်အစား? ဘာအတွက်လဲမမရဲ့"
"အိုး ငဒူလေးကတစ်မျိုး !! အိမ်ပြန်ရောက်ရင်ချက်ရပြုတ်ရတော့ အနံ့အသက်တွေစွဲကုန်တယ်လေ စေးစေးရဲ့...အင်္ကျီအပေကြီးနဲ့ အနာဂတ်မှာဘာတော်ရမလဲ မသေချာမရေရာတဲ့ ပုဂ္ဂိုလ်နဲ့မမတော့ ညစာအတူထိုင်မစားနိုင်ပါဘူးမောင်လေးရယ်... ပြီးတော့လည်းဒေါက်တာဂျီလီယမ့်ကိုအားနာဖို့ကောင်းတယ်လေ "
YOU ARE READING
Walking On The Clouds
RandomThis story is base in Norway state and I give you healing vibes and pleasure.