Chapter 1

17.6K 452 140
                                    

မှောင်စပျိုး‌နေသည့် ကောင်းကင်ထက်၌ မိုးသားတိမ်တိုက်တို့ တလိပ်လိပ်တက်လာ၏။ ခဲသားရောင် ထနေသော ကောင်းကင်ရှိ တိမ်တိုက်များကြားထဲမှ လျှပ်ရောင်များကလည်း တဝင်းဝင်းလက်နေသည်။

လျှပ်ရောင်မြင်ရပြီး မရှေးမနှောင်း၌ ကြောက်မက်ဖွယ်ရာ ပြင်းထန်စွာ ကြားလိုက်ရသော မိုးကြိုးသံနှင့် အဆက်မပြတ် မြည်ဟည်းနေသော မိုးခြိမ်းသံများ။ ထိုအသံများက မြေပြင်ပေါ်၌ ထီးရောင်စုံဖြင့် ခပ်သွက်သွက် လျှောက်လှမ်းနေကြသော လူများအား အလန့်တကြား ပို၍ဖြစ်သွားအောင် မိုးနတ်မင်းကြီးက ကျီစယ်နေသကဲ့သို့ပင်ရှိသည်။

သို့သော် ထိုအသံများက မိုးရေတွေကြား ထီးတစ်ချောင်းဖြင့် ဦးတည်ချက်မရှိ လျှောက်လှမ်းနေသော ကောင်လေးတစ်ယောက်ကိုတော့ ကြောက်လန့်သွားအောင် ခြောက်လှန့်ခြင်းငှာ မစွမ်းနိုင်သည့်အလားပင်။

ဒီနေ့က သူ့ကမ္ဘာ ပြိုခဲ့ရသည့်နေ့။

သူ့မိခင်က သူ့အား တခြားတစ်ယောက်နှင့် ခွဲဝေချစ်တော့မည်ဟု တရားဝင် လက်ခံလိုက်ရသည့်နေ့။ တနည်းဆိုရလျှင် သူ့မိခင် ဒီနေ့၌ နောက်အိမ်ထောင်ပြုသွားခဲ့သည်။ သားအမိနှစ်ယောက်တည်းသာ နှစ်ပေါင်းများစွာ တူတူရှိခဲ့ကြရတာမို့ သူတို့နှစ်‌ယောက်၏ နှောင်ကြိုးက အလွန်တင်းခဲ့တာကြောင့် သူတို့သားအမိကြားထဲ တတိယလူ ဘယ်တော့မှ ဝင်လာနိုင်စရာမရှိဟု သူ တထစ်ချ ယုံကြည်ခဲ့သည်။

အခုတော့ ပထွေးဆိုသည့် ထိုလူကြီးက သူတို့သားအမိကြား ဝင်လာရုံမျှမကဘဲ သူ့မိခင်ကိုပင် သူတို့အိမ်မှနေ ထိုလူ‌နေထိုင်ရာ အိမ်ကြီးထဲသို့ ခေါ်ဆောင်သွားခဲ့ပြီ။ သူ့ကိုပါ လိုက်နေဖို့ အတင်းခေါ်နေသေးသည့် ထိုပထွေးဆိုသူနှင့် သူ လိုက်နေဖို့ စိတ်ကူးမရှိသလို ပထွေး၏ သားဖြစ်သည့် သူ့အစ်ကိုဖြစ်လာမည်ဆိုသည့်သူနှင့်လည်း မျက်နှာချင်းမဆိုင်ချင်။

သူ့မိခင်က သူ့ထက် ပိုချစ်ရမည့်သူကို ရှာတွေ့သွားပြီဆိုတာအား သူ လက်မခံနိုင်တာကြောင့် ၊ သူ့ဖခင်နေရာ၌လည်း မည်သူ့ကိုမျှ သူ အစားထိုးသွားမှာ မဟုတ်တာကြောင့် သူ အိမ်ပေါ်က ဆင်းလာခဲ့၏။

Make You Mine [Completed]Where stories live. Discover now