Chapter 28

3.4K 202 116
                                    

ဓာတ်လှေကားပြင်ဆင်နေမှုက ဆယ်မိနစ်ခန့်ကြာသည်။ ထိုဆယ်မိနစ်က ဟန့်အတွက်တော့ နာရီပေါင်းများစွာ ကြာမြင့်လှသည်ဟု ခံစားနေရကာ သူ ယောက်ယက်ခတ်နေခဲ့သည်။

"တံခါးပွင့်ပြီ သူဌေး"

ဟန့် ဓာတ်လှေကားထဲ ချက်ချင်းပြေးဝင်သွားချိန် ‌ခွေခွေလေး လဲကျနေသော ဆရာ့အား တွေ့လိုက်ရ၏။

"ဆရာ. . .ဆရာ"

ဆရာ့ခန္ဓာကိုယ်က မီး‌သွေးခဲလို ခြစ်ခြစ်တောက်ပူနေပြီး သတိလစ်နေပြီ။

ဟန့် ဆရာ့လက်မောင်းကို သူ့ပခုံးပေါ် အမြန်တင်လိုက်ရင်း လူတွေစောင့်ကြည့်နေသည့် ကြားက‌နေပင် ဆရာ့အား ပွေ့ယူလိုက်ပြီး ထိုနေရာမှ ချက်ချင်း ခေါ်ထုတ်သွားခဲ့သည်။

သူ ဆေးရုံတန်းပို့ဖို့ တွေးမိသေးသော်လည်း ဆေးရုံသွားရတာ မကြိုက်သည့် ဆရာ့ကို ဖိအားမဖြစ်စေချင်တာကြောင့် ဒီကုမ္ပဏီရှိ သူဌေး၏ နားနေခန်းရှိရာသို့ ခေါ်လာခဲ့ပြီး ဆရာဝန်ကိုသာ ဒီကို ပင့်လိုက်ရသည်။

ဆရာဝန် ပြန်သွားချိန်၌ ‌ဆေးထိုးပေးသွားခဲ့တာမို့ စိတ်ပူစရာမရှိတော့‌သော်လည်း ဆရာက သတိပြန်လည်မလာသေးတာကြောင့် ဟန့် ဆရာ့ကုတင်ဘေး၌ ထိုင်နေရင်း ရေပတ်တိုက်ပေးနေ၏။

ထို့နောက် ဆရာ မြန်မြန် သတိရလာလိုရလာငြား ဟန့် ဆရာ့ပါးပြင်နှစ်ဖက်၊ နဖူးနှင့် နှုတ်ခမ်းတို့ကို ကြိမ်ဖန်များစွာ ငုံ့နမ်းနေရင်း နှိုးနေမိသည်။

ဆရာ့အပေါ်ပိုင်းကို ရေပတ်တိုက်ပေးနေရတာကြောင့် အင်္ကျီကြယ်သီးများ ချွတ်ထားရတာမို့ သူ ညက ပေးထားသည့် အမှတ်အသားများအား အခုထိတိုင် တွေ့နေရဆဲပင်။

သူ နမ်းလို့ပင် မဝသေးခင် နောက်ထပ်နာရီဝက်အကြာ၌ ဆရာ သတိပြန်ဝင်လာခဲ့သည်။

"သတိရပြီလား၊ မကြောက်နဲ့တော့နော်၊ အခု လုံခြုံနေပြီ"

နှိုင်း၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့ချိန် သူ့အား အုပ်မိုးထားသည့် ဟန့်ကို အရင်မြင်လိုက်ရ၏။ ထိုအခါမှသာ သူ ပိတ်မိနေရာမှ လွတ်မြောက်နေပြီမှန်း သိလိုက်ရတာကြောင့် ဟန့်လည်တိုင်ကို ဆွဲချလိုက်ကာ ဟန့်ကျောပြင်အား တင်းကျပ်စွာ ဖက်တွယ်ထားမိသည်။

Make You Mine [Completed]Where stories live. Discover now