Chapter 14

2.8K 202 59
                                    

တိုက်ခန်းကျဉ်းလေးများ အထပ်ထပ် စီတန်း တည်ရှိရာ ရပ်ကွက်တစ်ခု၏ တိုက်တစ်တိုက်ရှေ့၌ ဦးသျှန်းဝေ၏ သစ်လွင်ခန့်ထည်သော ကားတစ်စီး ဆိုက်ရောက်နေခဲ့သည်။

ညခြောက်နာရီကျော်ကျော်၌ ထိုတိုက်ထဲမှ ဟန့် ထွက်လာတာကို မြင်လိုက်ရချိန် ဟန့်ကို လာစောင့်ဖမ်းနေခဲ့သည့် ဦးသျှန်းဝေ၏ မျက်ဝန်းများက နီရဲသွားခဲ့၏။

သူ့ကားကို ထိုကလေး အလွယ်တကူ မမြင်နိုင်သည့် နေရာ၌ ရပ်ရင်း စောင့်ကြည့်နေတာမို့ ဟန့် သူ့ကို မမြင်ပါပေ။ သူ ယိမ်းကို မေးတိုင်း ဟန့်ကို တခြားကျူရှင်တစ်ခု ပြောင်းပို့လိုက်သည်ဟု ဆိုလာသော်လည်း သူ သိပ်မယုံခဲ့။ ထို့ကြောင့် အခုလို ကိုယ်တိုင် လာစစ်ဆေးမိခြင်းဖြစ်သည်။

အန်ကယ် ဖုန်းဆက်သွယ်လာမှုကြောင့် နှိုင်းယောနလျှံ အန်ကယ် ချိန်းဆိုလာသည့် သူတို့တိုက်နားက ကော်ဖီဆိုင်ရှိရာသို့ ထွက်လာခဲ့ရသည်။

နှိုင်း သူ့ရှေ့ကို ဝင်ထိုင်လာချိန်၌ ဦးသျှန်းဝေတစ်ယောက် ကိုယ့်အန္တရာယ်ကိုယ် မမြင်သည့် ဟန့်ကို ဒေါသထွက်နေခဲ့သမျှက ပေါက်ကွဲထွက်လာခဲ့ကာ သူ့ရှေ့က ရေခွက်ထဲမှ ရေများဖြင့် နှိုင်း၏ မျက်နှာအား ပက်ချလိုက်တော့သည်။ ဆိုင်ပြင်မှာသာဆို သူ နှိုင်းကို ဆွဲထိုးမိမည်ဖြစ်သည်။

"မင်းက တကယ် ကောက်ကျစ်တဲ့ မြေခွေးယုတ်ပဲ။ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ဘာလို့ ဖျက်ဆီးချင်နေရတာလဲ။ မင်းဘာသာ ဂေးချင်ဂေးလေ၊ ဘာလို့ သူများသားသမီးကိုပါ ဖြားယောင်း‌သွေးဆောင်နေရတာလဲကွ။ မင်း ဆရာမှ ဟုတ်ရဲ့လား။ ကလေးတွေကို လမ်းမှန်ရောက်အောင်တောင် သင်ပေးရမယ့်သူက ဘာလို့ လမ်းမှားရောက်အောင် ဆွဲချချင်နေတာလဲ"

နှိုင်း သူ့မျက်နှာပေါ်က ရေစက်များအား တစ်ရှူးဖြင့် သုတ်လိုက်ကာ အန်ကယ့်အား ဘာမှပြန်မပြောမိ။

"မင်း ပါရဂူဘွဲ့အတွက် နိုင်ငံခြားပြန်ထွက်ဖို့ ပြင်နေတာမလား"

နှိုင်း နိုင်ငံခြားပြန်ထွက်ဖို့ စီစဉ်နေတာ မနှစ်ကထဲကမို့ သူ တားထားခဲ့သည်။ လယ် ကျောင်းပြီးဖို့ တစ်နှစ်ကျန်သေးတာမို့ လယ့်ကို ကျောင်းမှာ စောင့်ရှောက်ရန်အတွက် လယ် ကျောင်းပြီးမှ ထွက်ဖို့ ပြောထားတာပင်။ အခုတော့ သူ့သားတွေနဲ့ ဝေးရာကို နှိုင်းအား သွားစေချင်နေခဲ့ပြီ။

Make You Mine [Completed]Where stories live. Discover now