Chapter 20

3.1K 181 77
                                    

မိုးမကုန်နိုင်သေးသည့် မိုးရာသီ ကာလတွေကို နှိုင်း ခက်ခက်ခဲခဲ ကျော်ဖြတ်နေရဆဲပင်။

မိုးရာသီမှာ မွေးသည့်သူ ဖြစ်သော်လည်း သူ့အတွက်တော့ မိုးတွင်းကို ကျော်ချပစ်ချင်နေဆဲဖြစ်၏။

ညတစ်နာရီထိုးချိန်၌ သူ့ဂေါက်ထီးကို ဖွင့်လိုက်ကာ မိုးရွာနေသည့် ဆိုင်အပြင်ဖက်သို့ ထွက်လာခဲ့သည်။ ဒီဆိုင်က သူ့အိမ်နဲ့ဆို မိနစ်နှစ်ဆယ်ကျော်လောက် လျှောက်ရင်ပဲ ရောက်သည့် အကွာအဝေးဖြစ်သည်။ ထို့ကြောင့်လည်း ဒီအချိန်ဆို လိုင်းကားတွေ၊ အငှားကားတွေ သိပ်မလွယ်တော့သော်ငြား လမ်းလျှောက်ပြန်လို့ရတာမို့ သူ လုပ်မိသွားခဲ့တာဖြစ်၏။

ဆိုင်ပြင်ထွက်လိုက်ချိန်၌ သူ့အား ဆိုင်ရှေ့၌ ရပ်စောင့်နေသည့် ဟန့်ကို တွေ့လိုက်ရသည်။

ဟန့် ထီးပိတ်လိုက်ပြီး ဆရာ့ထီးအောက်ထဲ ဝင်လိုက်ရကာ ထုံးစံအတိုင်း ထီးကို သူ ကိုင်လိုက်၏။

"မင်းကို ဒီအချိန်‌တွေ အိမ်ပြင် ထွက်မလာနဲ့တော့လို့ ပြောထားတယ်လေ"

ဆရာ သူ့အား လာမကြိုဖို့ အတန်တန်မှာထား၏။ ဆရာ့အိမ်နဲ့ သူ့အိမ်က ဝေးတာကြောင့်ရော၊ လမ်းမသင့်တာကြောင့်ပါ ဆရာ သူ့ကို အိမ်ထဲကနေ ပြန်စိတ်ပူနေရသည်ဟု ဆိုကာ ဟိုနေ့က ပြီးကတည်းက လာကြိုခွင့်မပေးထားပေ။ အိမ်က ခိုးထွက်တာ မိသွားရင်လည်း သူ အဆူခံရမှာကို အမြဲစိတ်ပူနေတတ်သည့် ဆရာ့အား သူ ပြန်ပြောချင်မိပါ၏။

သူဆိုသည်မှာ ငယ်ငယ်ကတည်းက မားရဲ့ ဆူပူမှုကို တစ်ရက်လောက် မခံရရင်ပင် အိပ်မပျော်တောင် ဖြစ်နေပြီလို့လေ။ သူ ထိုမျှလောက်ထိကို ဆိုးနေကျအား ဆရာက သူ ဆူခံထိမှာ စိတ်ပူနေသေး၏။

"ဒီတစ်ရက်ပါပဲ၊ မိုးတွေ တအား ရွာနေလို့လေ၊ ဆရာ မိုးခြိမ်းသံတွေကို ကြောက်ပြီး ပြန်နေရမလား မသိတာကို ကျွန်တော်က ဘယ်လိုလုပ် အခန်းထဲမှာ ‌အေးဆေးအိပ်နိုင်မှာလဲ။ လာပါ၊ ကျွန်တော် ငယ်ငယ်ကထဲက ဒီလိုတွေ ခိုးထွက်နေကျပါ၊ မမိစေရဘူး"

နှိုင်းတစ်ယောက် သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲ လက်နှစ်ဖက်လုံး ထည့်ထားရာမှ ထုတ်လိုက်တော့ကာ ဟန့်၏ ထီးကိုင်ထားသည့် လက်မောင်းကို ဆုပ်ကိုင်လိုက်မိသည်။

Make You Mine [Completed]Where stories live. Discover now