331+332+333+334+335

534 23 0
                                    

အပိုင်း(၃၃၁)

ကျုပ်က ကပ်စေးနှဲတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး

လွင့်မျောလာတဲ့ ဒီစကားသံများကို ကြားရတော့ အဘိုးအိုမှာ သိသိသာသာ ခွေယိုင်သွားတယ်။ ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားများက သူ့ကို အံ့သြမှင်တက်စေပြီး အေးခဲသွားသော အခြေအနေအထိ ဖြစ်စေတယ်…။
“မြေးလေး ဘာပြောလိုက်တယ်”
အဘိုးအိုက ယွမ်လော့ဖုန်းကို အသိစိတ် ကင်းမဲ့စွာ ငေးကြည့် နေခဲ့တယ်။ ထိုအချိန် တစ်ခဏလေး အတွင်းမှာ သူ့နားနှစ်ဖက်က ပြဿနာများ ရှိနေသလားလို့ သံသယ ဖြစ်မိတယ်။
အခု သူမပြောလိုက်တာက တောက်တိုမည်ရ အလုပ်ကို လုပ်ကိုင်မယ့်လူက ဝိညာဉ်မျိုးနွယ်စု သခင်တဲ့လား။
သူ သိနေတဲ့ ဝိညာဉ်မျိုးနွယ်စု ဖြစ်နေမလား။
ယွမ်လော့ဖုန်းလည်း သူမအဘိုးရဲ့ အံ့သြမှင်တက်နေသော မျက်နှာအမူအရာကို ကြည့်ရင်း သူမ ပခုံးကို အသာအယာ တွန့်လိုက်တယ်။
“ဘိုးဘိုး တွေးနေတဲ့ အတိုင်းပဲ”
မိန်းမပျိုလေးရဲ့ အားမာန် မပါသော လေသံက အဘိုးအိုရဲ့ နှလုံးသားကို လေးလံသော တင်းပုတ်ဖြင့် အပြင်းအထန် ရိုက်နှက်သလို ဖြစ်စေတယ်။ သူ့အသက်ကို သူ မပိုင်တော့သလို ခံစားလာရတယ်။
“ဒါ….”
ပြန်မပြောခင်မှာ အဘိုးအိုက အချိန်အကြာကြီး တွေးတောနေခဲ့တယ်။
“ဝိညာဉ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ယွမ်မိသားစုမှာ တောက်တိုမည်ရ အလုပ် လုပ်ရမယ် ဆိုတာတော့ အတော်လေး ရှက်ဖို့တော့ ကောင်းတယ်။ ပြောရရင် ကျုပ်က ကပ်စေးနှဲတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ပေးသင့် ပေးထိုက်တဲ့ လုပ်အားခကိုတော့ ပေးမှာပါ။ အိမ်တော်ထိန်း ဒါကို အသစ် အလုပ်သမားတွေကို ပေးရမယ့် စာရင်းထဲ မှတ်ထားလိုက်။ တစ်လကို ကြေးစ တစ်စ ပေးမယ်”
အဘိုးအိုကတော့ အတော်လေး စိတ်အား ထက်သန်နေတဲ့ မျက်နှာ အမူအရာရှိပြီး သူ့ဘေးနားမှာ တိတ်တဆိတ် ရပ်နေတဲ့ အိမ်တော်ထိန်းက သူမအထင် အတွေးထဲမှာ ပြစ်တင်ပြောဆို နေလောက်ပြီ။
ကြေးစတဲ့လား။ သူက သူတောင်းစားကို ငွေစွန့်ကြဲဖို့ ကြိုးစားနေတာလား။ စစ်သူကြီးက ဒီလိုစကားမျိုး ပြောတယ်ပေါ့။
“မလိုအပ်ဘူး”
ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး နာကျင်နေသော မျက်နှာထားနဲ့ အဘိုးအိုကို ကြည့်ရင်း ပြုံးလိုက်တယ်။
“အဘိုး ပိုက်ဆံ မပေးလည်း သူက အလုပ် လုပ်ဖို့ ဆန္ဒရှိပါတယ်။ သူ့ကို လုပ်အားက ပေးတာက သူ့ကို ပိုပြီးတော့ အဆင်မပြေ ဖြစ်စေတယ်”
အဘိုးအိုက သဘောတူညီစွာ ခေါင်းညိတ်လိုက်တယ်။
“ဒီလိုဆိုတော့လည်း ကြေးစလေးကို သိမ်းထား လိုက်တော့မယ်။ ဒါလေးနဲ့ အနည်းဆုံးတော့ ကြက်သွန်နီ ဝယ်လို့ရတာပေါ့။ ကောင်းပြီ။ မင်းတို့နှစ်ယောက် ဆက်လက်ပြီးတော့ ပျော်ပါးလိုက်ဦး။ အဘိုး မင်းတို့ကို မနှောင့်ယှက်တော့ဘူး။ အိမ်တော်ထိန်း ကျုပ်ကို မြန်မြန် တွဲကူစမ်းပါ။ ကျုပ်ခြေထောက်တွေ အတော်လေး ချည့်နဲ့လာတယ်”
“ဟုတ်ကဲ့ပါ စစ်သူကြီး”
အိမ်တော်ထိန်းက အနားကို တိုးသွားကာ အဘိုးအိုကို ကူညီဖေးမဖို့ သူ့လက်မောင်းကို ကမ်းလိုက်တယ်။ စိတ်ဆိုး ဒေါသထွက်နေသော ခြေလှမ်း နှေးနှေးဖြင့် အိမ်တော် အပြင်ဘက်သို့ ထွက်ခွာသွားတယ်။ အဘိုးအိုမှာ အခုအချိန်ထိ အံ့သြ ထိတ်လန့်နေဆဲပါ။ ဒါကြောင့်လည်း သူ့ခြေလှမ်းများက ယိုင်နဲ့လာတာပေါ့။ အိမ်တော်ထိန်းက သူ့ကို ကူညီဖေးမခြင်း မပြုလုပ်ထားရင်တော့ အချိန်မရွေး သူ လဲကျသွားနိုင်တယ်။
အစောပိုင်းက ဘယ်လိုပဲ တည်ငြိမ်အောင် သရုပ်ဆောင်ထား သရုပ်ဆောင်ထား အခုအချိန်မှာတော့ ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားများကြောင့် အံ့သြ ထိတ်လန့်နေဆဲပါ။ အံ့ဖွယ် ဝိညာဉ်မျိုးနွယ်စု သခင်က ယွမ်အိမ်တော်မှာ တောက်တိုမည်ရ လုပ်မယ်လို့ ဘယ်သူမှ မျှော်လင့် ထားခဲ့မိမှာ မဟုတ်ဘူး။
“ယွမ်ရှောင်”
အဘိုးအိုရဲ့ ပျောက်ကွယ်သွားတဲ့ ပုံရိပ်ကို ကြည့်ရင်း ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများက ယွမ်ရှောင်ဘက်သို့ လှည့်လိုက်တယ်။
“ဒီနှစ်ရက်အတွင်း  ဘယ်ကို သွားတာလဲလို့ ရှင် မပြောရသေးဘူးနော်”
ယွမ်ရှောင်က ပြန်မပြောခင်မှာ ခဏတာ နှုတ်ဆိတ်နေခဲ့တယ်။
“ရှောင်မိသားစု လုံယွမ် တိုင်းပြည်ကို ရောက်နေတယ် ကြားလို့။ ကိုယ် သွားစုံစမ်းနေခဲ့တာ။ စိတ်ချပါ။ ဒီလူတွေ မင်းကို မနှောင့်ယှက်စေရဘူး”
ရှောင်မိသားစုက သူမကို နှောင့်ယှက်ရင်တော့ သူတို့ အကုန်လုံးကို သူ သတ်ပစ်မယ်။
“ယွမ်ရှောင်”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို ပင့်လိုက်တယ်။ သူ့မျက်လုံးများမှ အေးတိအေးစက် အလင်းတန်းများ တဖျတ်ဖျတ် လက်နေခဲ့တယ်။
“ရှောင်မိသားစုက ရှင့်ကို လိုက်ရှာနေတယ် ဆိုတော့ သင့်လျော်တဲ့အချိန် ရွေးချယ်ပြီးတော့ ကျွန်မတို့တွေ တွေ့ဆုံသင့်တယ်။ ဘယ်လိုထင်လဲ။ သူတို့တွေ ရှင့်ကို ဘာကြောင့် လိုက်ရှာနေရလဲဆိုတဲ့ အကြောင်းအရင်းကို ကျွန်မလည်း သိချင်တယ်”
ယွမ်ရှောင်လည်း ပါးလွှာတဲ့ နှုတ်ခမ်းပါးလေးကို တွန့်ကွေး လိုက်တယ်။ သူ့မျက်ဝန်းနက်များက ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများကို နက်နက်ရှိုင်းရှိုင်း ကြည့်နေခဲ့တယ်။
“မင်းက သူတို့နဲ့ တွေ့ချင်တယ် ဆိုတော့ ကိုယ် မင်းနဲ့ အဖော်လိုက်ဖို့ ဆန္ဒရှိပါတယ်။ မင်း သူတို့ကို မနှစ်သက်ဘူး ဆိုရင်တော့ သူတို့ အားလုံးကို ကိုယ် သတ်ပစ်မယ်”
ယွမ်လော့ဖုန်းလည်း သူမခေါင်းကို ခါယမ်းလိုက်တယ်။
“ယွမ်ရှောင်… ရှင့်အမေကို မတွေ့ချင်ဘူးလား”
အမေ…။
ယွမ်ရှောင် အတွက်တော့ ဒီစကား နှစ်ခွန်းက မရင်းနှီးဘူး။ ရှောင်မိသားစုမှာ သူ နေထိုင်ခဲ့စဉ်က သူ့အမေ တစ်ယောက်တည်းသာ သူ့ကို ဂရုစိုက်သော လူသားတစ်ယောက် ဖြစ်တယ်။ သနားစရာ ကောင်းတာက သူ့အမေက ရှောင်မိသားစု အတွင်းမှာ နေရာ မရှိဘူး။ ဒါကြောင့် သူ ငယ်ငယ်က သူ့အမေ … သူ့ကို မကာကွယ်ပေးနိုင်ဘူး။
“သူမက ရှောင်မိသားစုမှာ မရှိဘူး”
ယွမ်ရှောင်ရဲ့ မျက်ဝန်းများက ခံစားချက် ကင်းမဲ့ပြီး ရေကဲ့သို့ တည်ငြိမ်နေဆဲပဲ။
“ကိုယ့်ကို ယွမ်မိသားစုက မောင်းထုတ်လိုက်တဲ့ အချိန်တည်းက သူမလည်း ပျောက်ကွယ် သွားခဲ့တယ်။ သူမ ဘယ်နေရာကို ထွက်သွားလဲ ဆိုတာ ဘယ်သူမှ မသိဘူး”
ပြန်လမ်းမဲ့ သစ်တောထဲက ထွက်လာ ကတည်းက သူမကို တိတ်တဆိတ် မရှာဖွေခဲ့ဘူး။ သူကြားရတဲ့ သတင်းအရတော့ သူမ ပျောက်သွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီတဲ့။ သူမ ဘယ်ရောက်နေလဲ ဆိုတာ ရှောင်မိသားစုလည်း ရေရေရာရာ မသိဘူး။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now