336+337+338+339+340

488 21 0
                                    

အပိုင်း(၃၃၆)

စေ့စပ်ထားသော မိန်းကလေး(၂)

သက်လတ်ပိုင်း အမျိုးသားက ငွေစက္ကူကို ကတိုက်ကရိုက် ဆတ်ခနဲ ဆွဲယူလိုက်ပြီး အစစ်ဟုတ် မဟုတ် သေသေချာချာ အကဲခတ် နေလေရဲ့။ ငွေစက္ကူက တကယ်ကို အစစ်အမှန် ဖြစ်ကြောင်း ဆုံးဖြတ်ပြီးနောက် ငွေစက္ကူကို အင်္ကျီလက်ထဲ ကောက်ထည့်လိုက်ပြီး သူ့နေရာကို ရှင်းလင်းခြင်း မပြုတော့ဘဲ အလျင်စလို ထွက်ခွာ သွားခဲ့တယ်။
ရှောင်ကျင်းကတော့ ထွက်ခွာသွားတဲ့ သက်လတ်ပိုင်း အမျိုးသား ပုံရိပ်ကို မကျေမနပ် ကြည့်နေရာမှ လင်းယောင်ဘက်သို့ ဖြည်းဖြည်းလေး ငေးကြည့် လိုက်တယ်။
"ဒီလိုဆိုရင်တော့ ငါတို့မှာ နေစရာ နေရာရှိပြီး အမှိုက်ကောင်ကို ဘယ်နေရာမှာ သွားရှာကြမလဲ"
လင်းယောင်လည်း မျက်မှောင်ကြုတ် လိုက်တယ်။
"ငါတို့က သူ့ကို ဆယ်နှစ်ကျော်လောက် မမြင်ခဲ့ဖူးသော်လည်း ငါတို့ရှေ့နားကို ရောက်လာရင်တော့ ငါတို့ သူ့ကို မှတ်မိနိုင်ပါတယ်။
"စိတ်အေးအေးထာ"
ရှောင်ကျင်းက ပဟေဠိဆန်ဆန် ပြုံးလိုက်တယ်။
"ငါ့မှာ ပစ္စည်းတစ်ခု ရှိတယ်။ ဒီပစ္စည်းနဲ့ ဆိုရင်တော့ သူ ငါ့ရှေ့နား ရောက်လာရင် မှတ်မိနိုင်တယ်"
သူ ဒီလို ပြောတော့မှ လင်းယောင်မှာ စိတ်သက်သာရာ ရတယ်။
"အရမ်း ကောင်းတယ်။ ငါနဲ့ ယွီချင်းရဲ့ ပျော်ရွှင်မှု အတွက် ငါ... အမှိုက်ကောင်ကို တတ်နိုင်သမျှ မြန်မြန်ရှာပြီးတော့ စေ့စပ်ထားတာကို ဖျက်သိမ်းရမယ်။ ရှောင်မိသားစုရဲ့ နံပါတ်၁ ပါရမီရှင်ဆိုတဲ့ အမျိုးသားလေး တစ်ယောက်တည်းသာ ငါ့အဆင့်အတန်းနဲ့ ထိုက်တန်တယ်။
ရှောင်ယွီချင်းက များစွာသော အမျိုးသမီးများရဲ့ စံထားရတဲ့ ယောက်ျားလေး တစ်ယောက်။ သူမကလည်း ဒီအမျိုးသမီး အုပ်စုထဲမှာ ပါဝင်တယ်။ အမှိုက်ကောင်မှာ ကိုယ်ပိုင် အသိစိတ်ရှိရင် သူမကို မနှောင့်ယှက်သင့်ဘူး။ စေ့စပ်ပွဲကို ဖျက်သိမ်းပေး သင့်တာ။
“စိတ်ချပါ…”
ရှောင်ကျင်းက လင်းယောင်ရဲ့ ပခုံးလေးကို ပုတ်လိုက်ပြီး သူမကို ချော့မော့လိုက်တယ်။
“မင်းကို တွေ့သွားလို့ သူက နှောင့်ယှက်ချင်တယ် ဆိုရင်တောင် ငါတို့မှာ သူ စွန့်လွှတ်သွားစေဖို့ နည်းလမ်း ရှိပါတယ်။ ရှောင်မိသားစုနဲ့ လင်းမိသားစု ဆက်နွှယ်ဖို့ လက်ထပ် ထိပ်မြားဖို့ တကယ် လိုအပ်တယ်။ ဒါပေမဲ့ မင်း လက်ထပ်ရမယ့်သူက သေချာပေါက် အမှိုက်ကောင် မဖြစ်နိုင်ဘူး”
“ဒီလို ဖြစ်ဖို့ ကျွန်မလည်း မျှော်လင့်ပါတယ်”
အခုအချိန်မှာ အမှိုက်ကောင် အကြောင်းကို တွေးလေလေ သူမမျက်လုံးမှ စက်ဆုပ် ရွံရှာသော အရိပ်အယောင်များ တဖျတ်ဖျတ် လက်လေပါပဲ။ သူတို့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ အတွက်ကြောင့်သာ မဟုတ်ရင် သူမ တစ်သက်လုံး အမှိုက်ကောင်ကို တွေ့ဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။
“အထဲဝင်ပြီး အရင်ဆုံး အနားယူလိုက်ဦး”
ရှောင်ကျင်းက သူ့မျက်ဝန်းများကို မှေးစဉ်းလိုက်တယ်။
“အမှိုက်ကောင် အတွက်ကတော့ ငါက သူ့ကို မကြာခင်မှာ ရှာတွေ့မှာပါ”
 
***
စစ်သူကြီး အိမ်တော် အတွင်းမှာ…
မိန်းမပျိုလေးက မက်မွန်ပင်အောက်မှာ ထိုင်ရင်း သူ့မျက်ဝန်းကို မှေးစဉ်းကာ အနောက်ဘက် ဥယျာဉ်ခြံအတွင်းမှာ အနားယူနေလေရဲ့။ အားပျော့သော စိတ်စွမ်းအားက သူမ တစ်ကိုယ်လုံးမှာ ရစ်ဝဲနေပြီး သူမရဲ့ ချွေးပေါက်ငယ်လေးများမှ တစ်ဆင့် စုပ်ယူနေတယ်။
ရုတ်တရက် မိန်းမပျိုလေးက သူမရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းလာတဲ့ ခြေသံကို ကြားလိုက်တယ်။ သူမမျက်ဝန်းကို အသာအယာ ဖွင့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းနက်များက သူမအနားကို လျှောက်လှမ်းလာတဲ့ အစေခံမလေးပေါ်သို့ ကျရောက်သွားတယ်။
“ဘယ်လိုလဲ”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို အသာအယာ ပင့်တင်လိုက်ပြီး မေးလိုက်တယ်။
“သခင်မလေး”
ချင်ယန်ရဲ့ နူးညံ့တဲ့ မျက်နှာလေးက မျက်မှောင်ကြုတ် နေလေရဲ့။
“ညွှန်ကြားချက်ကို တည်းခိုခန်း အားလုံးကို လက်ဆင့်ကမ်းပြီး ပြောခိုင်း ထားပြီးသားပါ။ ဒါကြောင့် ဘယ်သူမှ သူတို့ကို တည်းခိုခွင့် မပေးရဲပါဘူး။ ဒါပေမဲ့လည်း ရှောင်မိသားစုက အမျိုးသား တစ်ယောက်က ငွေစက္ကူရွက်ကို သုံးပြီးတော့ အိမ်တစ်လုံး ဝယ်ခဲ့ပါတယ်”
“နားလည်ပြီ”
ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းနက်မှ ခက်ခဲနက်နဲသော အလင်းတန်းများ ပေါ်ထွက်လာပြီး တခြားလူ အတွက်တော့ သူမအတွေးကို နားလည်ဖို့ ခဲယဉ်းစေတယ်။ အချိန် အတော် ကြာပြီးနောက် သူမ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး အနည်းငယ် ကျဉ်းမြောင်းသော သူမမျက်လုံးများမှ အန္တရာယ် အလင်းအတန်းများ ဖြာထွက်နေတယ်။
“ဒါဆိုရင်တော့ ရှောင်မိသားစုက လူနှစ်ယောက်နဲ့ တွေ့ဖို့ အချိန်တန်ပြီ”
ချင်ယန်လည်း မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်တယ်။
“သခင်မလေး… ရှောင်မိသားစုကို ဆန့်ကျင် တိုက်ခိုက်ဖို့ တွေးနေပြီလား။ ဘာအကြောင်း ပြချက်နဲ့ တိုက်ခိုက်ကြမလဲ”
“အကြောင်းပြချက်လား”
ယွမ်လော့ဖုန်းလည်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်တယ်။
“ငါက လုံယွမ် တိုင်းပြည်မှာ အဆိုးရွားဆုံး လူတစ်ယောက် ဆိုတာ မမေ့ပါနဲ့။ လူတစ်ယောက်ကို ရိုက်နှက်ဖို့ ငါ့မှာ အကြောင်းပြချက် လိုအပ်လို့လား။ သူတို့ကို ငါက ဂရုမစိုက်တာ ရှင်းနေတာပဲလေ။ ချင်ယန် ပြဿနာကြီး တစ်ခုကို ရင်ဆိုင်ဖို့ ရှိတယ်လို့ တပ်မကြီးနှစ်ခုကို နှိုးဆော် ထားလိုက်”
ယွမ်လော့ဖုန်းဆိုတဲ့ သူမအတွက်တော့ လူတစ်ယောက်ကို ရိုက်ဖို့ အကြောင်းပြချက် မလိုအပ်ဘူး။ ဒါ့ပြင် သူမ မထိရဲတဲ့ လူဆိုတာ မရှိဘူး။ ဘယ်သူမှလည်း သူမကို တားဆီးလို့ မရစေရဘူး။
ချင်ယန်ရဲ့ မျက်လုံးများက အရောင်တောက် သွားတယ်။ သူမ သခင်မလေးက တကယ်ပဲ လွှမ်းမိုး ချုပ်ကိုင်သော ဗီဇ ရှိတာပဲ။ သူမ သခင်မလေးကို ကြည့်ပြီး လေ့လာရမှာတွေ အများကြီး ရှိနေသေးတာပါလား။ အထူးသဖြင့် အရှက်မဲ့တတ်တဲ့ စိတ်ထားလေးကိုပေါ့။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now