အပိုင်း(၃၀၁)
သူမကို ဧကရီရာထူး ပေးစေ
"ဘာတွေ ဖြစ်နေကြတာလဲ"
ယွမ်လော့လည်း အလျင်အမြန် ပြေးထွက် လာခဲ့တယ်။ တော်ဝင် သက်တော်စောင့်များက သူ့အိမ်တော်ကို ဝိုင်းရံထားတာ မြင်ရတော့ သူ၏ အိုမင်း ရင့်ရော်နေတဲ့ မျက်နှာက မည်းမှောင် သွားခဲ့တယ်။
"အရှင်မင်းကြီးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဘာပြဿနာ ရှာချင်နေတာလဲ။ ဒါမှမဟုတ် အရှင်မင်းကြီးက ငါတို့ ယွမ်အိမ်တော်နဲ့ ရန်သူ ဖြစ်ချင်နေတာလား"
ယွမ်လော့က သူ့အိမ်တော်ကို စစ်သူကြီး၏ အိမ်တော်လို့ ထပ်ပြီးတော့ မခေါ်တော့ပါဘူး။ သူ့အိမ်တော်ကို ယွမ်အိမ်တော်လို့သာ ခေါ်တွင်စေခဲ့တယ်။ ဒီစကားကို ကြည့်ခြင်းအားဖြင့် သူက အခုအချိန်မှာ တော်ဝင်မိသားစုနှင့် ပတ်သက် ဆက်နွှယ်မှု မရှိဘူးလို့ ခံစားခဲ့ရလို့ ထင်ပါတယ်။
"အမတ်မင်း"
မိန်းမစိုးက သူ့လက်ထဲမှာ ဖူချန် (ခ) သားမြီးယပ်ကို ကိုင်ဆောင်ထားပြီး အပြုံးလေးဖြင့် စကားဆိုလာခဲ့တယ်။
"ဂုဏ်ပြုပါတယ်။ အမတ်မင်းကို မူလရာထူး ပြန်လည် အပ်နှင်းလိုက်တယ်။ အခုတော့ ယွမ်မိသားစုမှာ ဧကရီ တစ်ပါး ရှိလာတော့မယ်။ ဂုဏ်ပြုပွဲ ကျင်းပဖို့ ထိုက်တန်တယ် မလား"
မကြာသေးခင် ရက်ပိုင်းက တော်ဝင် နန်းတော်အတွင်းမှာ ဧရာမ သုတ်သင် ရှင်းလင်းမှု ဖြစ်ပြီးနောက် မိန်းမစိုးဟောင်းများ နေရာကို ပြန်လည် အစားထိုးခဲ့တယ်။ ဒီတော့ ဒီမိန်းမစိုးကို ယွမ်လော့ အရင်က မမြင်ဖူးတာပေါ့။ ပြုံးနေသည့် မျက်နှာက အလွန် စက်ဆုပ်ရွံရှာဖွယ် ကောင်းပြီး အဲဒီ မျက်နှာကို ယွမ်လော့က လက်သီးနှင့် ထိုးနှက်ချင် လာတယ်။
"ဧကရီတဲ့လား"
အဘိုးကြီးက နှာမှုတ်သံပြုကာ ထေ့ငေါ့လိုက်တယ်။
"ငါတို့ ယွမ်မိသားစုမှာ ဧကရီ မလိုအပ်ဘူး။ လာရာ လမ်းအတိုင်း ပြန်သွားလိုက်တော့"
မိန်းမစိုးက နူးညံ့ သိမ်မွေ့စွာ ပြန်လည် တုံ့ပြန်လိုက်တယ်။
"အမတ်မင်း ... အရှင်မင်းကြီးက ခင်ဗျား... မြေးလေးကို နှစ်သက်တာလေ။ ဒါကြောင့်လည်း သူမကို တော်ဝင် နန်းတော်ထဲ ခေါ်လာဖို့ ကျုပ်ကို စေခိုင်းတာပေါ့။ အခုအချိန်က စပြီးတော့ အမတ်မင်းက တော်ဝင် မိသားစုဝင် တစ်ယောက် ဖြစ်လာတော့မှာလေ"
"ဟား... ဟား... ဟား..."
ယွမ်လော့လည်း အထင်မြင်သေးစွာဖြင့် ရယ်မောလိုက်တယ်။
"ထိုနေ့က တော်ဝင် နန်းတော်ထဲမှာ နံပါတ်၁ သိုင်းပညာရှင် ဆရာသခင်ကို ငါတို့တွေ ဘယ်လို ရိုက်နှက်ခဲ့လဲဆိုတာ မင်း မေ့နေတာလား။ မင်းက ကျုပ်တို့ ယွမ်မိသားစုကို ရန်စရဲတယ်ပေါ့။ ကွမ်ရှောင်ချိန်က သူ့အဖေ၊ သူ့အစ်ကိုနှင့် ခြားနားမယ်လို့ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ကျုပ်အထင်က မှားယွင်းခဲ့တယ်။ တော်ဝင် မိသားစုဝင် အားလုံးက အတူတူပါပဲ။ တစ်ယောက်တလေမျှ ကောင်းတယ်လို့ကို မရှိဘူး။ အခုချက်ချင်း ဒီနေရာက ထွက်သွားလိုက်တော့။ ကျုပ် မြေးလေးက ဘယ်သောအခါမှ တော်ဝင် မိသားစုဝင်နဲ့ လက်ထပ်မှာ မဟုတ်ဘူး"
ဒါ့အပြင် ကွမ်ရှောင်ချိန်၏ မောင်းမဆောင်မှာ ကိုယ်လုပ်တော် အများကြီး ရှိနေခဲ့ပြီးသားပါ။ ဒီလို နှာဘူးကျတဲ့ အမျိုးသား တစ်ယောက်က သူ့မြေးလေးနှင့် မထိုက်တန်ဘူး။
မိန်းမစိုး၏မျက်နှာက မည်းမှောင် သွားခဲ့တယ်။ သူက ထေ့ထေ့ငေါ့ငေါ့ စကား ပြောလာခဲ့တယ်။
"ယွမ်လော့... ဒါက အရှင်မင်းကြီး၏ သဘောထား ကြီးမြတ်မှုလို့ ပြောလို့ရတယ်။ အရှင်မင်းကြီးက သူမကို လက်ထပ်ချင်တယ် ဆိုတာ ခင်ဗျား မြေးလေး အတွက်တော့ ဝမ်းသာစရာ ကောင်းတဲ့ ကိစ္စတစ်ခုပါ။ တိုင်းပြည်က ကွမ်တု ထိန်းချုပ် အုပ်စိုးခဲ့တဲ့ အချိန်နှင့် အတူတူလို့ မှတ်ထင် နေသေးတာလား။ အခုတော့ ဒီမိန်းမစိုးက ခင်ဗျားကြီးကို သင်ခန်းစာ ပေးရတော့မယ်။ ဒီကနေ့ ယွမ်မိသားစုမှာ ဘာမှ မရှိစေရဘူး"
သူ ဒီစကားကို ပြောပြီး မကြာခင်မှာ သူ့နောက်ဘက်မှ များစွာသော အမျိုးသားများ အလျင်အမြန် ပြေးထွက်လာခဲ့ပြီး သူ့ရှေ့မှာ မတ်တတ်ရပ် လိုက်ကြတယ်။ တစ်ချိန်တည်းမှာပင် မိန်းမစိုးက သားမြီးယပ်ကို အောက်သို့ ပစ်လိုက်တယ်။ သောင်းသောင်းဖြဖြ အရှိန်အဝါများကို ထုတ်လွှင့်နေလေရဲ့။
"မင်းက တော်ဝင် နန်းတော်က မဟုတ်ဘူး"
ယွမ်လော့မှာ ထိတ်လန့် သွားတာကြောင့် ခြေလှမ်း အနည်းငယ် နောက်သို့ ဆုတ်သွားရတယ်။ တော်ဝင် သက်တော်စောင့် ဝတ်စုံကို ဝတ်ဆင်ထားတဲ့သူမှ လွဲရင် အားလုံးက အမြင့်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူများ ဖြစ်နေကြတယ်။ အထူးသဖြင့်... ဒီမိန်းမစိုးနှင့် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဘိုးကြီးက အမြင့်စား အမြင့်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူများ ဖြစ်နေကြတယ်။
လုံယွမ်တိုင်းပြည်မှာ ပုံမှန်အားဖြင့် သန်မာတဲ့လူ အများအပြား မရှိဘူး။
"ဟွန့်"
မိန်းမစိုးက အိညက် အိညက် လေသံဖြင့် စကားကို ဆက်မပြောတော့ဘဲ သူ၏မူလအသံနှင့် ပြန်လည် ပြောကြား လာခဲ့တယ်။ သူ့မျက်နှာက သရော်အပြုံးနှင့် ပြည့်လျှံနေခဲ့တယ်။
"ဟုတ်တယ်။ ငါက တော်ဝင် နန်းတော်က လူမဟုတ်ဘူး။ ဒီလို ပြုလုပ်ဖို့ တစ်စုံ တစ်ယောက်က ငါ့ကို ငွေပေးခဲ့တယ်။ ခင်ဗျား မြေးလေးကို ကျုပ်တို့လက်အပ်ဖို့ အကြံပေးချင်တယ်။ ခင်ဗျား ဆက်ပြီးတော့ စစ်သူကြီး တစ်ယောက် ဖြစ်ချင်သေးလား။ ဒါမှမဟုတ် ဒီနေရာမှာ ခေါင်းဖြတ်သတ် ခံချင်လား"
နောက်ကွယ်မှာ ခြယ်လှယ်နေတာ ဝိညာဉ် မျိုးနွယ်စုဆိုတာ ယွမ်မိသားစု မသိစေရန် အလို့ငှာ ဒီကိစ္စကို ပြုလုပ်ဖို့ သူ့ကို ငွေကြေး ပေးတယ်လို့ အသာပေး ပြောခဲ့တာပါ။
မိန်းမစိုးအတု၏အသံ လွင့်စဉ်ပြီး ပျောက်ကွယ် မသွားခင်မှာ ကောက်ကျစ် စဉ်းလဲပြီး မာနဝင့်ကြွားသော အသံက ယွမ်အိမ်တော်မှ ထွက်ပေါ် လာခဲ့တယ်။
"ရှင်.... ကျွန်မ ဘိုးဘိုး ဦးခေါင်းကို ဖြတ်နိုင်မယ် ဆိုတာ သေချာလို့လား"
မိန်းကလေး၏ အသံက ခြံဝင်းတစ်ခုလုံး ရောက်ရှိသွားခဲ့ပြီး ဒီလူများ၏ နားထဲသို့ ကပ်ငြိလာခဲ့တယ်။ မိန်းမစိုး အတုလည်း မျက်မှောင်ကြုတ် လိုက်ပြီး ဓားသွားကဲ့သို့ စူးရှသော အကြည့့်ဖြင့် အပြင်ဘက်သို့ ထွက်လာတဲ့ လှပချောမောသော မိန်းကလေးကို ကြည့်လိုက်တယ်။
***
YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)
Romantizmသရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (ယွမ်လော့ဖုန်း) အပိုင်း၂၂၆၂ပိုင်း ဇာတ်သိမ်းမည်။ ဇာတ်သိမ်းအထိ ဖတ်ရှုနိုင်တဲ့ စဆုံးပြီ စာစဉ်လေး ဖြစ်ပါသည်။ စဆုံး ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါသည်။ Ph no 09683223228 အကောင့် https://www.facebook.com/cho.t.mar.505ayh?mibe...