||2||

5.2K 494 16
                                    

Unicode

အသုဘချအပြီး ရက်လည်ပြီးသွားတော့ မောင်တွေးခဲ့သလိုပါပဲ။ ဧည့်သည်တွေမလာတော့တဲ့ အိမ်ကျယ်ကြီးကတိတ်ဆိတ်ခြောက်ကပ်သွားတယ်။ မောင်ကလည်း ကိုကြီးစင်္ကာပူပြန်မယ့်ရက်ကိုမျှော်ရင်း မျှော်ရင်းနဲ့ အခန်းထဲအောင်းနေမိတာ နေ့ရောညပါ။ မောင်စိတ်မပျော်တာသိတာကြောင့်ထင်တယ်။ ကိုကြီးကမောင့်ကို ဘာမှမပြောဘဲ လွှတ်ထားပေးတယ်။

အဲဒီရက်တွေကတော့ မောင်က ကိုကြီးဟာသည်အတိုင်းပဲ သူ့ကိုဖာသိဖာသာနှင့် လွှတ်ထားလိမ့်မယ်လို့ထင်ခဲ့မိတယ်။ လွန်ခဲ့တဲ့နှစ်တွေကလိုပဲ ကိုကြီးကမောင့်အပေါ် စိတ်၀င်စားမှုနည်းနည်းလေးတောင်မရှိပါလို့ မောင်တထစ်ချမှတ်ထားလိုက်တာပင်။

ဒါပေမယ့် ကိုကြီးကခန့်မှန်းရခက်တဲ့လူပါ။ အထူးသဖြင့်မောင့်ခန့်မှန်းထင်မြင်ချက်တွေကလည်း ကိုကြီးအပေါ်မှာ လုံး၀အလုပ်မဖြစ်ခဲ့။ ရက်အနည်းငယ်အကြာမှာတော့ ကိုကြီးကမောင့်ကို ထပ်ပြီးလွှတ်မထားပေးတော့ပါ။

မောင်တို့အိမ်မှာ ဒယ်ဒီနဲ့မာမီရှိတုန်းကဆို ထမင်းစား၀ိုင်းကအမြဲဝေဝေဆာဆာရှိနေကြ။ မေကြည့်လက်ရာထမင်းဟင်းက နေ့တိုင်းနေ့တိုင်းရိုးသွားတယ်ကိုမရှိ၊ မောင့်အတွက် ပိုပိုစားကောင်းလာတာပဲရှိတယ်။ အခုတော့ ဒီခြောက်ကပ်ကပ်ထမင်းစား၀ိုင်းမှာ မောင့်ပါးစပ်ထဲ၀င်သမျှက ဘာအရသာမှမတိုးတဲ့ ဖော့ဖတ်တွေ၀ါးနေရသလို ဖြစ်နေတယ်။

ဒီညနေစာထမင်းစား၀ိုင်းမှာမောင်ရယ်၊ကိုကြီးရယ်၊ဘေးမှာယပ်ခပ်ပေးနေတဲ့ထွေးထွေးရယ်ကလွဲလို့ ဘယ်သူမှမရှိ။တိတ်ဆိတ်လွန်းလို့ ထွေးထွေးရဲ့အသက်ရှူသံကိုတောင် ပြန်ကြားရတော့မယ်။ ကိုကြီးအစားစားတာကလည်း ငြိမ်လွန်းတယ်။ အစားစားရင်အသံမမြည်တာကတော့ ချီးကျူးစရာပေမယ့် ဘာစကားမှမပြောတာကိုတော့ မောင်မကြိုက်ပါ။ မောင်ကစကားစမြည်လေးပြောရင်း ထမင်းစားရတာကို ကြိုက်တာ။

အခုလည်းမောင်ကညနေစာမစားချင်လို့ အိပ်ခန်းထဲမှာ နေစောင်းတဲ့အထိပေကပ်အိပ်နေပါတယ်ဆိုမှ ကိုကြီးကထွေးထွေးနဲ့မရမကနှိုးပြီး ညနေစာကိုအောက်ဆင်းစားခိုင်းတယ်။ မောင့်မှာတစ်ပူကမငြိမ်းသေး၊ မောင်အမုန်းဆုံးခံစားချက်ဖြစ်တဲ့ ထိန်းချုပ်ခံနေရသလိုခံစားချက်မျိုး ခံစားရတာမလို့ ကိုကြီးကိုနဂိုကထက်ပိုအမြင်မကြည်ဖြစ်မိပါတယ်။

Echoes of Love{Complete}Where stories live. Discover now