Extra🩷

3.6K 289 28
                                    

Unicode

မောင်နဲ့ကိုကြီးတို့Sussexမှာခဏနေဖြစ်ကြသေးတယ်။ ခဏဆိုတာက သုံးလေးရက်သာသာပါပဲ။ ဂျူလိုင်ကိုတို့ပြန်တော့လည်းလိုက်ပြန်ခဲ့ကြရတာပေါ့။ အလွမ်းသယ်ခဲ့ရတဲ့ Sussexကနေ့ရက်များလို့ပြောလည်း မှားမယ်မထင်ပါ။

ဂျူလိုင်ကိုကကိုကြီးရှေ့မှာဆို မခုတ်တတ်တဲ့ကြောင်လိုငြိမ်ပြီးတော့ မောင့်ကိုစစနောက်နောက်သိပ်မလုပ်ပေမယ့်နောက်ကွယ်ရောက်ရင်တော့ အတောမသတ်နိုင်တဲ့ခိုးခိုးခစ်ခစ်ရယ်မောမှုမျိုုးနဲ့ မောင်တို့စကြိုက်ကြပုံကိုဖန်တရာတေအောင်မေးတယ်။ မောင်ကသူ့ကိုအနိုင်ပိုင်းတယ်လို့ မနာလိုမှုကင်းတဲ့ပကတိဖြူစင်မှုမျိုးနဲ့ ဂျူလိုင်ကိုကအားတက်သရောပြောတယ်။ ကိုကြီးကိုမောင်ကအပိုင်ရသွားတာပဲတဲ့။ ဘယ်သူကဘယ်သူ့ကိုအပိုင်ရသလဲတော့ မောင်မပြောတတ်တော့ပေမယ့် မောင့်နှလုံးသားကမြတ်သိင်္ခမောင်ကလွဲလို့ တခြားသူကိုမခုန်နိုင်တော့တာအဟုတ်ပဲ။

Sussexကမပြန်ခင်တစ်ရက်အလိုမှာ ဂျူလိုင်ကိုနဲ့ခန့်လင်းမော်တို့အတွဲကညားခါစလင်မယားလို ချစ်ကြည်နူးဖို့အတွက်သူတို့ရဲ့သမီးလေးကိုမောင်တို့လက်ထဲ အင့်ခနဲစိတ်ချလက်ချထိုးထည့်ပေးသွားတာက တော်တော်လေးမေတ္တာရှိချင်စရာလုပ်ရပ်ပဲ။

ဒါပေမယ့်မတတ်နိုင်ဘူး။ ဂျူလိုင်မော်ကွန်းကမျက်လုံးကြည်တောက်တောက်လေးတွေနဲ့ မောင့်ကိုရယ်ပြီးကြည့်နေတယ်လေ။ သွားပေါက်စပြုနေတဲ့သူ့ရဲ့သွားဖုံးရဲရဲလေးတွေပေါ်လာတော့ ကလေးတွေကအချိန်ပိုင်းခဏချစ်စရာကောင်းပါတယ်လို့ မောင်လက်ခံရတာပါပဲ။

ကိုကြီးကတွန်းလှည်းထဲမှာထိုင်နေတဲ့ အဲဒီကလေးကိုစိုက်ကြည့်နေတယ်။ သူကြည့်နေတဲ့ပုံစံကမောင့်အတွက်တော့ ရယ်ရတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့လူတစ်ယောက်က စူးစူးစမ်းစမ်းနဲ့ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ကို သုတေသနပြုနေသလိုပုံစံမျိုးနဲ့ ကြည့်နေခဲ့တာ။

"ဒါကကလေးပါ။ နဂါးတို့ရေသူမတို့မဟုတ်ပါဘူး။ ထိကြည့်ချီကြည့်ဖက်ကြည့်လို့ရပါတယ် ကိုကြီးရယ်"

မောင်ကရယ်မောပြီးပြောတော့ ကိုကြီးကခေါင်းညိတ်တယ်။ သူ့ပုံစံကတောင့်တင်းနေတုန်းပဲ။ အသက်သုံးဆယ်အရွယ်ကကလေးနဲ့အပြိုင်ချစ်စရာကောင်းနေသေးတယ်။ ဒီအခြေအနေမှာကလေးကိုနမ်းရမလား၊ ကိုကြီးကိုပြေးနမ်းရမလားမောင်မသိတော့ဘူး။ Seafordရဲ့ရာသီဥတုကတော့အေးမြနေဆဲပါ။

Echoes of Love{Complete}Where stories live. Discover now