||14||

3.4K 330 10
                                    

Unicode

အချစ်ဆိုတာလူတိုင်းအတွက် မတူညီတဲ့ပုံစံမျိုးနဲ့ မထင်မှတ်ထားတဲ့အချိန်တွေတိုင်းမှာ ၀င်ရောက်လာတတ်တဲ့ ဆန်းကြယ်မှုတစ်ခုဖြစ်တယ်။ အချစ်ဟာတွယ်တာမှု၊ အချစ်ဟာသံယောဇဥ်၊ အချစ်ဟာတပ်မက်မှု၊ အချစ်ဟာစွဲလမ်းမှု၊ အို....အချစ်ဟာဘယ်လိုခံစားမှုမျိုးနဲ့မဆို စတင်နိုင်ပါတယ်လေ။ သိင်္ခအတွက်တော့အချစ်ဟာ နှာတံထက်မှမှဲ့နက်​လေးကြောင့် စပါတယ်လို့သာဆိုပါတော့။ သူ့ဘ၀မှာတစ်စုံတစ်ယောက်ကို ချစ်မိခဲ့မယ်လို့မထင်ထားတဲ့အခိုက်အတန့်မှာပဲ အချစ်ဟာသူ့ဆီရုတ်ချည်းဆန်စွာ တွန်းတိုက်၀င်ရောက်လာပါလားလို့ သိင်္ခအမြဲတွေးမိတယ်။

တိုး၀င်လာတဲ့ခံစားချက်လေးက လွန်ခဲ့တဲ့တစ်နှစ်၊ ပူပြင်းတဲ့မတ်ချ်လတွင် စတင်ဖြစ်ပေါ်လာခဲ့ခြင်းပင်။

အတိတ်.....

သိင်္ခကမောင့်ရဲ့ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့အပြီး နောက်တစ်ရက်မှစင်္ကာပူကနေ ပြန်ရောက်လာတယ်။ အကြာကြီးနေဖို့အတွက်တော့ သူမတွေးခဲ့ပါ။ ဘွဲ့ရခဲ့ပြီးပြီဆိုပေမယ့် သိင်္ခကစင်္ကာပူတွင်သာ ဆက်နေပြီးစီးပွားရေးဆက်လုပ်ရင်း နေနေခဲ့ခြင်းဖြစ်၏။ မြန်မာပြည်ဆီသူပြန်လာတိုင်း ရက်သတ္တပတ်ခန့်ထပ်တော့ ပိုမနေတတ်။

မြန်မာပြည်ကိုသိင်္ခနောက်ဆုံးတစ်ခေါက် ပြန်လာဖြစ်ခဲ့တာ လွန်ခဲ့တဲ့လေးနှစ်ကဖြစ်ပြီး လေးနှစ်လုံးလုံးသူစင်္ကာပူနှင့်scotlandတွင်သာနေခဲ့တယ်။ ဟုတ်ပါတယ်၊ ဆိုးရွားလာတဲ့အဒေါ်အကြီးဆုံးရဲ့ ကျန်းမာရေးကြောင့် သိင်္ခကscotlandကို သွားနေပေးရတယ်။ သို့ဖြင့် လေးနှစ်တိတိသူမြန်မာပြည်ကိုပြန်မရောက်ဖြစ်ခဲ့။ ဆွေမျိုးတွေကိုသံယောဇဥ်မရှိလှပေမယ့် တာ၀န်နှင့်၀တ္တရားဆိုတဲ့အရာကို သိင်္ခကကျေပွန်ချင်တဲ့သူဖြစ်တယ်။

မြန်မာပြည်ကအိမ်ကိုပြန်ရောက်တဲ့အချိန်တွေမှာ သိင်္ခက မောင့်ဖေဖေနှင့်တော့စီးပွားရေးကိစ္စများပြောတတ်ပေမယ့် အိမ်ရှိကျန်လူများနှင့်ကတော့ သွေးအေးတဲ့ဆက်ဆံရေးပင်။ မောင့်မေမေနှင့်ဆိုလျှင် မျက်နှာချင်းဆိုင်တွေ့ကြမှ ခေါင်းညိတ်နှုတ်ဆက်ရုံလောက်ရှိတယ်။ မောင်....သိင်္ခရဲ့ရောင်စုံဘောလုံးလေးမောင်ကတော့ ထိုအချိန်တွင်သူနှင့်ခပ်ဝေးဝေးကိုလှိမ့်ပြေးလို့နေကာ မေးထူးခေါ်ပြောဆက်ဆံရေးပင် မရှိကြတော့။

Echoes of Love{Complete}Where stories live. Discover now