Unicode
အပြင်ပန်းအမူအရာမှာမပေါ်ပေမယ့် မောင့်အတွေးထဲမှာစိုးမိုးနေတာက အဲဲဒီညရဲ့အကြောင်းပါပဲ။ မောင်တကယ်ကိုစေ့စေ့ပေါက်ပေါက် တွေးမိတယ်။ အဲဒီညကလုပ်ခဲ့တာကအဆုံးအစွန်အထိ မဟုတ်သေးဘူး။ လူနှစ်ယောက်ကဆက်နွယ်တဲ့အခါမှာ အဲဒီလောက်နဲ့ပြီးသွားမှာမဟုတ်ဘူးဆိုတာ မောင်ကောင်းကောင်းသိတယ်။ အဲဒီညကဘာကိုမှထပ်မပြောခဲ့၊မမေးခဲ့ပေမယ့် ဘာကြောင့်အဆုံးအစွန်အထိမသွားလဲဆိုတာကို မောင်သိချင်နေတုန်းပါပဲ။
တစ်ယောက်နဲ့တစ်ယောက်ကျေနပ်စေမယ့် အပေးအယူမျှမှုမျိုးကို မောင်လိုချင်တယ်။ တစ်ဖက်သတ်တည်းသာယာမှုကိုရှာတွေ့တာက မတရားသလိုခံစားရစေတယ်။ မောင်ကချစ်တဲ့လူကိုလည်း မောင်ခံစားရတဲ့သာယာမှုကိုပေးစွမ်းချင်တယ်။ မောင်နားလည်ထားတဲ့အချစ်ရဲ့နောက်ဆက်တွဲ စိတ်ဆန္ဒတွေဆိုတာအဲ့ဒီလိုပါ။ တစ်ယောက်အပေါ်တစ်ယောက်ချစ်သလိုမျိုး ဒီဆန္ဒတွေအပေါ်လည်းအပြန်အလှန် မျှတစွာကျေနပ်စေကြဖို့ရည်ရွယ်ထားမိတယ်။
သိင်္ခကိုဘာကတုံ့ဆိုင်းစေလဲဆိုတာ မောင်သိချင်နေခဲ့တာ။ မဟုတ်မှလွဲရော မစွမ်းဆောင်နိုင်တာမျိုးတော့ မဟုတ်လောက်ဘူးမလား။
ဒီလိုအတွေးကရုတ်တရက်ချည်း လွှမ်းမိုးသွားတော့ မောင်ကြက်သီးများပင်ထမိပါတယ်။ တစ်မနက်လုံးအတန်းချိန်တွေအပေါ်မှာ မောင်အာရုံမစိုက်မခဲ့ပါ။ ထည်၀ါကိုကိုကလည်းသူ့အတွေးနှင့်သူ ငေးလို့မောလို့ပြတင်းပေါက်ကိုကြည့်လို့ပင်။ ဆရာတစ်ယောက်ရဲ့ဆူငေါက်တာကိုတောင် မောင်တို့နှစ်ယောက်ခံခဲ့ရပါသေးတယ်။
အပြန်မှာလည်းမောင်မှာထားသလို သိင်္ခလာကြိုတယ်။ မောင့်စကားအတိုင်းကားပေါ်ကမဆင်းဘဲ ကားကိုမြင်သာတဲ့နေရာမှာရပ်ထား၍ ကားထဲကနေစောင့်နေပါတယ်။
"ဒါဆိုသွားပြီ။အိပ်ရေး၀အောင်လည်းအိပ်ဦး ထည်၀ါ"
"အင်း နောက်မှတွေ့မယ်"
ထည်၀ါကိုကိုနှင့်နှုတ်ဆက်ပြီး ကားပေါ်မောင်တက်လာတယ်။ သိင်္ခပုံစံကိုကြည့်ရတာ အနည်းငယ်နွမ်းလျနေတဲ့ပုံပေါက်တယ်။ တစ်နေကုန်အလုပ်ပင်ပန်းထားတဲ့ပုံစံဆိုပေမယ့် ဖျော့တော့နေတာမျိုးတော့မဟုတ်ပါ။
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)