Unicode
ဖယောင်းတိုင်မီးကိုမှုတ်လိုက်ရတဲ့ အခိုက်အတန့်မှာ သွယ်၀ှက်ထားတဲ့မောင့်၀မ်းနည်းမှုတချို့ဟာ ဆုတ်ခွာသွားတဲ့မနက်ခင်းမြူနှင်းမှုန်လေးတွေလို လျော့ပါးသွားရတယ်။
ကိတ်မုန့်ပုံစံကရိုးရှင်းတဲ့ အသီးကိတ်တစ်ခုသာဖြစ်တယ်။ အလှဖယောင်းတိုင်လေးငါးချောင်းနဲ့ လူများများစားစားမရှိတဲ့ ရုတ်တရက်ဆန်ဆန် အံ့သြစရာမွေးနေ့ပွဲသေးသေးလေးဖြစ်သည့်တိုင်အောင် မောင့်အတွက်ဆိုတဲ့ချစ်ခြင်းမေတ္တာအပြည့်နှင့် နွေးထွေးမှုအမြောက်အမြားကသိသိသာသာကိုခံစားရပါတယ်။ အမှန်ဆိုကိုကြီးကမောင့်မွေးနေ့ကိုသိလိမ့်မယ်လို့တောင် မောင်မမျှော်လင့်ထားခဲ့မိပါ။
မီးတွေပြန်ဖွင့်လိုက်တဲ့အခါ မောင်ဦးဆုံးကြည့်မိတာက ကိုကြီးမျက်နှာကိုပါ။ အလုပ်ပင်ပန်းလာပုံရတဲ့ကိုကြီးရဲ့မျက်တွင်းတွေက နည်းနည်းကျနေတယ်။ လေဆိပ်ကနေရောက်ရောက်ချင်း လုံး၀အနားမယူရသေးပုံမှန်း တစ်ချက်ကြည့်ရုံနဲ့သိသာပါတယ်။ မောပန်းနွမ်းနယ်နေရင်တောင် သူမတူတဲ့ရုပ်ရည်ကြောင့်ကိုကြီးကကြည့်ကောင်းဆဲပါ။
ဆံပင်တွေကသေချာဖြီးသင်ထားပြီးမှ အချိန်ကြာသွားလို့ပုံပြန်ပျက်သွားသလိုမျိုး ခပ်ဖွာဖွာနှင့်နဖူးအထိအုပ်နေကြတယ်။ အမြဲလှန်တင်ထားတာထက်စာရင် ဒီလိုဆံပင်ပုံစံက ကိုကြီးကိုပိုပြီးနုငယ်တဲ့အသွင်ပေါက်စေတယ်လို့ မောင်ထင်တယ်။
ကိတ်ကိုတစ်ဇွန်းစီလိုက်ခွံ့တော့ မောင့်ဘေးမှာတစ်ချက်မရွေ့ဘဲ ရပ်နေတဲ့ကိုကြီးကလက်နောက်ပစ်ရင်းခါးအနည်းငယ်ကိုင်းကာ မောင်ခွံ့တဲ့ကိတ်မုန့်ကိုစားတယ်။ မောင့်စိတ်ထင်ကိုကြီးရဲ့အညိုရောင်မျက်လုံးများက ပြုံးနေကြသယောင်ယောင် ၀င်းလက်နေကြပါတယ်။
ပျော်ပွဲရွှင်ပွဲလေးလို ခဏလောက်ဆင်နွှဲပြီးတော့ထွေးထွေး၊မေကြည်၊ဘမြိုင်နဲ့ အလုပ်သမားလေးတို့က ကိုယ်စီအခန်းတွေဆီပြန်သွားကြတယ်။(ဘမြိုင်တို့ကခြံထဲက အိမ်အသေးမှာနေကြပါတယ်) သိင်္ခကမောင့်မွေးနေ့အတွက် မွေးနေ့မုန့်ဖိုးဟုဆိုကာ မေကြည်တို့တတွေကိုစာအိတ်အ၀ါလေးများနှင့်ဖောင်းနေအောင်ထည့်ထားသော ငွေသားတို့ကိုလက်ဆောင်ပြန်ပေးခဲ့ပါတယ်။ (မောင်အကြိုက်ဆုံးအရောင်မှာ အ၀ါဖြစ်၏)
YOU ARE READING
Echoes of Love{Complete}
RomanceI once believed love would be (Black and white) But it's golden (Golden) And I can still see it all (In my head)