Chapter 13
သို့သော် သူလှည့်မထွက်သွားမီမှာပင် ရွှယ်ယန်က သူ့ရှေ့ကို လာရပ်လိုက်သည်။ ကျွင်းဟွိုင်လန်က အချိန်မီ မရှောင်လိုက်နိုင်၍ သူနှင့်တိုက်မိသွားကာ ဝတ်ရုံလက်ကို ပင့်တင်ခံလိုက်ရချိန်တွင် ကြောက်မက်ဖွယ်အမာရွတ်ကြီးပေါ်လာပြန်သည်။
ကျွင်းဟွိုင်လန်က ဝတ်ရုံကို ပြန်ဆွဲယူလိုက်သည်။ ရွှယ်ယန်က အားအလွန်မသုံးထားသော်လည်း ကျွင်းဟွိုင်လန်က မလှုပ်နိုင်ဖြစ်သွား၍ သူ့လက်ကိုသာကိုင်ခွင့်ပြုလုပ်ရပြီးနောက် လက်ချောင်းသွယ်သွယ်တစ်ချောင်းက သူ့ဒဏ်ရာကိုလာထိနေတော့မည်ကိုသာ မြင်လိုက်ရသည်။ဒဏ်ရာကို လက်ဖြင့် ဖိခံလိုက်ချိန်တွင် ကျွင်းဟွိုင်လန် သတိလက်လွတ်ဖြစ်သွားပြီး နာကျင်မှုကြောင့် သက်ပြင်းချလိုက်မိသည်။
သူက ဒဏ်ရာ၏အလယ်တည့်တည့်နေရာသို့ အတိအကျထိလိုက်ပြီး အကြိမ်ရေအနည်းငယ် ပွတ်ကြည့်လိုက်သည်။ ကျွင်းဟွိုင်လန် စကားမပြောနိုင်မီမှာပင် ရွှယ်ယန်က မျက်လုံးလန်၍ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေးပင်ပြောလိုက်သည်။
" အဆင်ပြေပါတယ် အရိုးတစ်ချောင်းမှ မကျိုးသွားဘူး..."
သူဒဏ်ရာရနေတာကို အဲ့လူက ဂရုတစိုက်ကြည့်ပေးနေတယ်တဲ့လား...
ကျွင်းဟွိုင်လန် တစ်ခဏတာခန့် အံ့အားမသင့်ပဲ မနေနိုင်တော့ပေ။ ထို့နောက် အေးစက်နေသောအမူအရာတွင် ရှက်ရွံ့မှုအနည်းငယ်ရောယှက်၍ သူ့လက်မောင်းကိုပြန်ရုတ်လိုက်သည်။
ဘာတွေဖြစ်ကုန်တာလဲ...
အစောပိုင်းက ရွှယ်ယန်မဆွဲထားခဲ့ပါက သူ ရေတွင်းထဲသို့ ပြုတ်ကျသွားတော့မည်ဖြစ်သည်။
သူ၏ စိတ်လိုက်မာန်ပါလုပ်မှုကြောင့် ယခင်ဘဝမှရန်သူက သူ့အသက်ကိုပင် ပြန်ကယ်ရသည့်အခြေအနေသို့ မတော်တဆကျရောက်သွားသည်။ ယခင်ဘဝမှ အမုန်းတရားများက ယခုဘဝတွင် မစတင်သေးသော်လည်း ဤဘဝတွင် ထိုလူကို သူကဦးစွာ အသက်ကြွေးတင်သွားမိသည်။
ကျွင်းဟွိုင်လန်၏ဘဝတွင် ဤမျှထိ ကျဉ်းထဲကျပ်ထဲမရောက်ခဲ့ဖူးပေ။ လက် အမြန်ပြန်ရုတ်ကာ မျက်လွှာချ၍ ကျေးဇူးတင်စကားကို အေးစက်စက်ပြောလိုက်ပြီးနောက် ဖုရိကိုတစ်ချက်ကြည့်ကာ ထွက်ခွာသွားသည်။
YOU ARE READING
အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
ActionI Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှောင်မားစာပေရှိ အမြှောက်စာဇာတ်ကောင်လေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ အဓိကအမျိုးသားဇာတ်ဆောင် ရွှယ်ယန်...