Chapter 103
ရွှယ်ယန်က အများအားဖြင့် စစ်ရေးနှင့်သက်ဆိုင်သည့်စာအုပ်များကိုသာ ဖတ်လေ့ရှိသူဖြစ်သည်။
၎င်းက သူငယ်စဉ်ကတည်းက ဖြစ်ပေါ်လာခဲ့သည့် အကျင့်တစ်မျိုးဖြစ်သည်။ ယန်ဒေသက ကျတ်တီးမြေဖြစ်ပြီး သူကိုယ်တိုင်ကလည်း စစ်တပ်ထဲတွင်သာ ကြီးပြင်းလာရသူဖြစ်သည်။ သို့ဖြစ်၍ ထိုစာအုပ်များမှလွဲ၍ သူ့ထံတွင် အခြားစာအုပ်များဖတ်စရာမရှိပေ။
သူ ကလေးဘဝတည်းက စစ်ဗျူဟာစာအုပ်များကို ပုံပြင်သဖွယ် ဖတ်ခဲ့ရသူဖြစ်သည်။ သို့ဖြစ်၍ အချိန်အတန်ကြာသည့်အခါ အခြားအရာများကို စိတ်မဝင်စားတော့ပေ။
သူတို့နှစ်ယောက် မြင်းလှည်းပေါ်ရောက်သွားသည့်အခါ လွန်ခဲ့သည့် ရက်အနည်းငယ်က ကဲ့သို့ပင် တစ်ယောက်က စာဖတ်ပြပြီး တစ်ယောက်က နားထောင်နေသည်။ မြင်းလှည်းထဲမှ လေထုအခြေအနေက အလွန်ငြိမ်သက်နေသည်။
ယခင်နှင့်မတူသည်မှာ မြင်းလှည်းထဲတွင် သောက်စရာလက်ဖက်ရည်ရှိမနေခြင်းပင်။
ယန်ကျိုးမှ ကျင်းလင်သို့လမ်းခရီးက အနည်းငယ်ဆူးညှောင့်ခလုတ်များလှ၍ မြင်းလှည်းပေါ်တွင် လက်ဖက်ရည်တည်ရန် မီးဖိုလေးထားခြင်းက အခြားအရာများကိုပါ အလွယ်တကူမီးစွဲနိုင်ပေသည်။ သို့ဖြစ်၍ ယန်ကျိုးသို့ မလာမီတည်းက ကျင်းပေါင်က မီးဖိုကို ဖယ်ထားခဲ့သည်။
ရွှယ်ယန်က စာဖတ်ရခြင်းကို သဘောကျခြင်းမဟုတ်ပဲ ကျွင်းဟွိုင်လန်၏အသံကို နားထောင်ရခြင်းကိုသာ သဘောကျခြင်းဖြစ်သည်။
သူက စာဖတ်ရန်ဆင်ခြေဖြင့် တစ်ဖက်လူကို မြင်းလှည်းပေါ် ခေါ်လာခဲ့သော်လည်း သောက်စရာရေမရှိသည့်အချိန်တွင် တစ်ချိန်လုံးစာထိုင်ဖတ်ခိုင်းထားမည်မဟုတ်ပေ။
မကြာမီအချိန်တွင် ရွှယ်ယန်က သူစာဖတ်နေသည်ကို ဖြတ်ပြောလိုက်သည်။
" ပြန်ရောက်ရင်ရော ကိုယ့်အိမ်တော်ကိုလာပြီး စာဖတ်ပြဦးမှာလား..."
ကျွင်းဟွိုင်လန်က သူ့မေးခွန်းကိုကြားသည့်အခါ လက်ထဲမှစာအုပ်ကိုအောက်ချပြီး သူ့ကိုမော့ကြည့်လိုက်သည်။

YOU ARE READING
အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်
ActionI Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှောင်မားစာပေရှိ အမြှောက်စာဇာတ်ကောင်လေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရလေသည်။ အဓိကအမျိုးသားဇာတ်ဆောင် ရွှယ်ယန်...