(Unicode)
ဝေယံကိုကိုတစ်ယောက် ဝုန်းဒိုင်းကြဲပြီး ပြန်ချသွားတာမို့ မဟော်မင်းဝေခမျှာ ထိုင်မရထမရ ဖြစ်ကျန်ခဲ့ရ၏။ ဆူပူသည်ဆိုတာထက် စိုးရိမ်စိတ်နဲ့ ဆုံးမမိခြင်းဖြစ်သည်။ မင်းဝေ စိတ်အေးအေး ထားပြီးမှ ပြီးပြတ်ရန် ကျန်နေသေးသော ကိစ္စများအတွက် ဆွေးနွေးပွဲထဲကို ပြန်သွားလိုက်သည်။ ပွဲစီစဥ်သူနှင့်အတူ ထိုလူတစ်စုလည်း အတူရှိနေကြသည်။ မဟော်မင်းဝေ ခပ်တန်းတန်း လျှောက်သွားလိုက်ပြီး..
"ဒီနေ့ပွဲအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ နောက်တစ်ခါ ဒီဘက်က ဒေါက်တာတွေနဲ့ တစ်ပွဲတည်းတက်ရမယ်ဆိုရင် ကျွန်တော်ကို ဘယ်တော့မှ မဖိတ်ပါနဲ့"
"ဒေါက်တာမင်းဝေ ကျွန်တော် ကြားထဲကနေ တောင်းပန်ပါတယ်ဗျာ"
"ဒီမှာ ဒေါက်တာ့ညီလည်း လွန်တာပဲ"
"ကျွန်တာ့်ညီက ဘယ်သူ့ကိုမှ အရင်မတိုက်ခိုက်တတ်ဘူး၊ ဒီတစ်ခါ ကျေအေးပေးလိုက်ပေမဲ့ နောက်တစ်ခါဆို ကျွန်တော် ဒီတိုင်းလွှတ်ပေးမှာမဟုတ်ဘူး၊ ကျွန်တော့်ညီကို ထိခိုက်ရင် တစ်ယောက်မှ မလွှတ်စေရဘူး။ ကျွန်တော် သွားတော့မယ်"
ဝေယံ့ကိုကို့ကို လက်ဆွဲထွက်သွားတုန်းက မျက်နှာပေးနဲ့များ တခြားစီ။ အခြားလူလေလား အောက်မေ့ရလောက်အောင် ဒေါက်တာမင်းဝေရဲ့ မျက်နှာထားက ခက်ထန်တင်းမာနေသည်။ ဒီလိုနောက်ကွယ်က အတင်းအဖျင်းတွေကို အာရုံမစိုက်ခဲ့တာ ကြာပြီ။ အခုကိစ္စမှ ဘာလို့စိတ်ခုနေရသလဲဆိုတာ ကိုယ့်ကိုကိုယ်ပင် နားမလည်ချင်တော့။
ခါတိုင်းရက်များလိုပဲ ဆွေးနွေးပွဲပြီးတာနဲ့ အိမ်ကိုပြန်ကာ အနားယူမယ် ကြံသည်။ အိမ်သို့ရောက်ပြီး ဧည့်ခန်းထဲမှာ ထိုင်ချလိုက်သည့်တိုင် ရင်ဘတ်ထဲမှာ အမောများ ပြေလွင့်သွားခြင်းမရှိ။ ဦးနှောက်က တစ်ခုခုကို အလိုကျသေးဟန်မတူ။ ဖုန်းကို ကောက်ယူလိုက်ကာ Contact တစ်ခုကို ထိုင်ကြည့်လိုက်သည်။
'Wai Yan Ko Ko'
"ဟူး.."
ဒီအချိန်ဆို ဝေယံကိုကို ဒေါသအလိမ်းလိမ်း ထွက်နေလောက်ပြီ။ တွေ့ရာလူကို မဲနေလောက်ပြီ။ တခြားသူတွေလည်း မဆီမဆိုင် နစ်နာကုန်လောက်ပြီ။ သူတို့အတွက် မင်းဝေ တာဝန်ရှိနေသလို ခံစားနေရသည်။ အတွေးစများကို ပြန်လည်ကောက်သိမ်းပြီးနောက် ဝေယံ့နံပါတ်လေးကို နှိပ်ခေါ်ကြည့်လိုက်သည်။ နှစ်ခါမြည်သည်၊ သုံးခါမြည်သည်၊ သို့သော် ပြန်လည်ဖြေကြားမယ့်သူမရှိ။
YOU ARE READING
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)