Part 1

2.5K 41 4
                                    

🍁 ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁

Part - 1 (Unicode)

ဇွန်လ ၃ရက်နေ့....

မန္တလေးတိုင်း‌‌‌ဒေသကြီး၊ ငါန်းဇွန်မြို့ တိုက်နယ်ဆေးရုံတွင်

မွေးဖွားခန်းအရှေ့မှာ ဦးသိန်းဝဏ္ဏရွှေ နှင့် ဒေါ်မြမြသွေး၏ မိသားစုဝင်တွေ အားလုံးက မွေးဖွားလာမည့် ကလေးငယ်လေးကို မျှော်လင့်ချက်ကိုယ်စီဖြင့် စောင့်မျှော်နေကြလေသည်။

ဒေါ်မြမြသွေး၏ သားအိမ်ကျယ်ရောဂါကြောင့် အရင်ကိုယ်ဝန်တွေတုန်းက အဖတ်မတင်ခဲ့ပဲ ခနခန ပျက်ကျခဲ့တာမို့... ဒီကလေးငယ်လေးကိုတော့ သူတို့၏ အိမ်ထောင်သက်တမ်း ၅နှစ်ကျော်မှာ ပိုးမွေးသလို တယုတယဖြင့် ခက်ခက်ခဲခဲနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရသော ကလေး ဖြစ်သလို... ဒေါ်မြမြသွေးတို့၏ မိသားစုဘက်မှလည်း မြေးဦးလေး ဖြစ်တာမို့... အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြခြင်းမှာ ပိုလွန်းသည်ဟု မဆိုနိုင်ပေ။

သူတို့အားလုံး မွေးဖွားခန်းအရှေ့မှာ စောင့်ဆိုင်းနေကာ အချိန်တစ်ခုအကြာတွင် မွေးဖွားအခန်း၏ တံခါးပွင့်သွားပြီး သားဖွားဆရာဝန်မကြီး ထွက်လာခဲ့ကာ...

"‌ဒေါ်မြမြသွေးရဲ့ မိသားစုတွေ ရှိလား ရှင့်..."

"ဟုတ်ကဲ့ ရှိပါတယ်... ဆရာမကြီး ကျုပ် မိန်းမ ဘာလေးမွေးတာလဲ ဗျ..."

ဦးသိန်းဝဏ္ဏရွှေ တစ်ယောက် ဆရာဝန်မကြီး အရှေ့သို့ရောက်သွား၍ သိချင်စိတ်တို့က ပြင်းပြနေတာကြောင့် အ‌လောတကြီး မေးလိုက်မိလေသည်။

"သမီး မိန်းကလေး မွေးပါတယ်... ဂုဏ်ပြုပါတယ်နော် သမီးချောလေးပါရှင့်... လူကြီးရော ကလေးရော ကျန်းမာကြပါတယ်.."

"အားးး... ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်... ဆရာမကြီး..."

ဆရာဝန်မကြီး၏ စကားကြောင့်... ဦးသိန်းဝဏ္ဏရွှေ ဝမ်းမြောက်ဝမ်းစွာဖြင့် ကျေးဇူးတင်စကား ဆိုလေသည်။

"ကလေးက ၇ပေါင် ၂အောင်စ ရှိပါတယ်... ပြီးတော့ ကိုယ်လက်အင်္ဂါလည်း စုံလင်ပါတယ်... ခနနေရင် အခန်းပြောင်းဖို့ ပြင်ဆင်ပြီးရင် မိခင်နဲ့ ကလေးကို ကြည့်လို့ရပါပြီ..."

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now