Part 2

1.7K 43 2
                                    

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ🍁

Part - 2 (Unicode)

ဒီပါမင်းမြတ်သည် သူ့ရဲ့ Condo ဧည်ခန်းထဲက ဆိုဖာပေါ်မှာ သက်တောင့်သက်သာ ထိုင်နေပြီး... သူနဲ့ မျက်နှာချင်းဆိုင်ခုံမှာတော့ Power King Co., Ltd. ၏ Design Department Manager ကိုသန့်စင်နိုင်က သူ့ကိုယ်သူ သတိထားနေတဲ့ ကိုယ်ဟန်နေအထားဖြင့် ထိုင်နေလျှက်...

"ကိုသန့်စင်နိုင် ကို ဦးမောင်မောင်လတ် ပြောပြထားပြီးသားဖြစ်ပေမဲ့... ကျွန်တော် သေချာပြန်ပြီး မိတ်ဆက်ပေးပါရစေ... သူကတော့ ကိုဒီပါမင်းမြတ် ပါ... ရင်းနှီးကြတဲ့သူတွေကတော့ King လို့ပဲ ခေါ်ကြပါတယ်..."

"အစ်ကို... သူက Power King Co., Ltd. ရဲ့ Design Manager ကိုသန့်စင်နိုင် ပါ..."

ဒီပါမင်းမြတ်၏ PA ရဲရင့်ထွန်းသည် သူ့ဘော့စ်နဲ့ ကိုသန့်စင်နိုင်ကို တလှည့်စီ မိတ်ဆက်ပေးလိုက်၍ Power King Co., Ltd. ဆိုတာ ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုတဲ့ အဓိပ္ပါယ်ကို အရိပ်အမြွက် သိစေချင်တာကြောင့်... ဘော့စ်ကို 'King' လို့ ခေါ်‌ဝေါ်ကြတာကိုပါ ထည့်သွင်းပြောလိုက်၏။

"ကျွန်တော်က သန့်စင်နိုင် ပါ..."

"ဒီပါမင်းမြတ် ပါ..."

ဒီပါမင်းမြတ်က နွေးထွေးစွာ ပြုံးပြလာ၍ နှုတ်ဆက်လာတာကြောင့် ကိုသန့်စင်နိုင် ကလည်း...

"ဟုတ်ကဲ့... ကိုဒီပါမင်းမြတ်နဲ့ အခုလို တွေ့ခွင့်ရတာ ဝမ်းသာပါတယ်... တချို့အကြောင်းအရာလေးတွေကို အန်ကယ်မောင် ပြောပြထားလို့ သိထားပြီးသားဆိုပေမဲ့... ကျွန်တော့်ကို ဘယ်အခန်းကဏ္ဍကနေ ပါဝင်ကူညီ လှုပ်ရှားစေချင်တာလဲ ခင်ဗျ..."

သန့်စင်နိုင်သည် ကိုယ့်ထက် အသက်တော်တော်ငယ်မယ် ဆိုတာကို သိပေမဲ့... ကိုယ့်အရှေ့မှာ ရှိနေတဲ့လူသည် မျက်နှာက ပြုံးနေပေမဲ့... ရှင်းသန့်ခန့်ညားနေတဲ့ မျက်နှာအနေအထားက မာန်ပါနေလျှက် ကိုယ်နေဟန်အနေအထားသည် ကြည့်ယုံနဲ့တင် သူ့ရဲ့အရှိန်အဝါတို့ကို အထင်းသား ပေါ်လွင်နေတာမို့... အသံကို နှိမ့်၍ အဓိက အကြောင်းအရင်းဆီသို့သာ စကားကို ဦးတည်လိုက်မိသည်။

"ကိုသန့်စင်နိုင်က ဦးမောင် ကိုယ်တိုင် မိတ်ဆက်ပေးထားတဲ့ လူဆိုတော့ အရည်အချင်းက ပြောစရာလိုမယ်လို့ မထင်ပါဘူး... ဒါပေမဲ့ ကျွန်တော့်ကို ဘယ်အခန်းကဏ္ဍကနေ ပါဝင်ကူညီရမလဲလို့ မေးခွန်း ပြန်ထုတ်တာနဲ့စာရင်... ဘယ်အခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနိုင်ပါတယ်လို့ ကမ်းလှမ်းတာက ပိုပြီး သဘာဝမကျဘူးလား..."

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now