အော်သံတွေနဲ့အတူ တိုးဝှေ့လာတဲ့လူတွေကြောင့် ဂျောင်ကုထယ်ယောင်းလက်ကိုသေချာဆုပ်ကိုင်ကာ ထယ်ယောင်းခန္ဓါကိုယ်ကိုလှည့်၍သူ့ရင်ဘတ်နဲ့ထယ်ယောင်းကျောပြင်ကိုကပ်ထားလိုက်သည်။ရုတ်တရက်ထဖြစ်သွားတဲ့ ကိစ္စကြီးကြောင့်သူလည်းထူပူသွားပေမယ့် သူ့မှာတွေဝေနေဖို့အချိန်မရှိ။ထယ်ယောင်းကသူ့လက်တွေကိုအားကိုးတကြီးကိုင်ထားသည်လေ။
"ထယ်ယောင်း...ကိုယ့်အထင်ဆိုဒီလမ်းထဲမှာလူတွေအကုန်ပိတ်ကုန်တာဖြစ်မယ်...ဘာမှမကြောက်နဲ့ကိုယ်ရှိတယ်နော်"
ချွေးစေးတွေထွက်နေတဲ့လက်လေးနှစ်ဖက်လုံးနဲ့ သူ့လက်ကိုလွတ်သွားမှာစိုးသည့်အလားအသေအချာကိုင်ထားကာ ခေါင်းညိတ်ပြတဲ့ထယ်ယောင်းက ဒီအခြေအနေကိုအတော်လန့်နေသည့်ပုံ။
"အမယ်လေး!!!....မတက်နင်းကြပါနဲ့!!...ကျွန်မသားလေးလဲသွားလို့ပါ!!!တောင်းပန်ပါတယ်!!!...မတက်နင်းကြပါနဲ့!!!"
တိုးဝှေ့ရင်းဆူညံနေတဲ့လူအုပ်ကြားထဲမှာမှ အသံနက်ကြီးထွက်လို့လာတော့ ထယ်ယောင်းတစ်ကိုယ်လုံးတုန်တက်ကာ
ကျောပေးထားတဲ့ဂျောင်ကု့ဘက်သို့ခန္ဓါကိုယ်ကိုအမြန်လှည့်၍ ဂျောင်ကု့ရင်ခွင်တွင်မျက်နှာအပ်ကာ ဂျောင်ကု့ခါးကိုအတင်းဖက်ထားပြီးမျက်လုံးမှိတ်ပစ်လိုက်သည်။"ကျွန်...ကျွန်တော်ကြောက်တယ်"
အသံတွေတုန်တဲ့အထိကြောက်နေတဲ့ထယ်ယောင်းကို သူမငြိုငြင်မိဘူး။ကျောပြင်လေးကိုအထက်အောက်ပွတ်သပ်ပေးပြီး ဒီကနေထွက်လို့ရမယ့်နည်းလမ်းကို ခပ်မြန်မြန်လိုက်ရှာမိသည်။
"ကိုယ်ရှိတယ်...မကြောက်နဲ့နော်...ကိုယ်ရှိတယ်"
ထယ်ယောင်းကိုမကြောက်ဖို့ပြောနေပေမယ့် မျက်စိရှေ့မှာမြင်နေရတဲ့လူအုပ်ကြီးနဲ့အော်သံတွေကြောင့် သူလည်းလန့်နေတာပင်။သို့သော် သူကာကွယ်ပေးရမယ့်ရင်ခွင်ထဲကလူလေးကြောင့် သူ့ကြောက်စိတ်တွေကိုအတတ်နိုင်ဆုံးမောင်းထုတ်ကာ ကာကွယ်ပေးချင်မိသည်။