အခန်း (၂၀) (က)
စစ်ယွီသည် ကျီလင်းအား စိတ်မြန်လက်မြန်ပင် ဆွဲခေါ်ကာ ဟိုတယ်သို့ ပြန်သွားခဲ့သည်။ ပဉ္စမသခင်လုနားတွင် တဝဲလည်လည်ဖြစ်နေသော ကြောက်မက်ဖွယ် ကံမကောင်းမှု ပမာဏကြီးကို သူမ ပြန်မှတ်မိလိုက်သောအခါ စစ်ယွီမှာ ခြေလှမ်းများပင် မှားသွားရ၏။ ကျီလင်းလို ကံအရမ်းကောင်းတဲ့ လူတစ်ယောက်ကသာ သူမအနားမှာ ရှိနေတယ်ဆိုရင် ပဉ္စမသခင်လုရဲ့ ပြင်းထန်တဲ့ ကြောက်မက်ဖွယ်ရောင်ဝါကို ပျက်ပြယ်သွားစေနိုင်လောက်တယ်ဟု သူမ,တွေးလိုက်သည်။ ထို့ကြောင့် သူမသည် ကျီလင်းကို အလျင်အမြန် ဆွဲခေါ်ခဲ့လိုက်၏။
သို့သော် စစ်ယွီသည် လမ်းတစ်ဝက်လောက်ရောက်မှ ဒီအကြံက မသင့်တော်လောက်ကြောင်း သဘောပေါက်လိုက်မိသည်။ ဒီကိစ္စက ကျီလင်းနဲ့ ဘာမှ မဆိုင်ဘူးလေ။ သူ့ကို ဒီထဲ ဆွဲသွင်းတာ မကောင်းပါဘူး ဟုတ်တယ်မလား ။
အဲ့ဒါအပြင် တစ်ဖက်လူသည် တွေးမမှီနိုင်လောက်အောင် ခက်ခဲတဲ့ အရူးတစ်ယောက်ဖြစ်သည်။ ပဋိပက္ခများဖြစ်ကြရင် ဘယ်လိုလုပ်မလဲ...
ထိုအချိန်တွင် သူတို့ နှစ်ယောက်သည် လမ်းကြားထဲမှ ထွက်လာပြီး လမ်းမကြီးပေါ် ရောက်နေပြီဖြစ်သည်။ စစ်ယွီသည် ကျီလင်းကို လွှတ်ပေးလိုက်၏။ သူမသည် သူ့ကိုတွန်းပြီး ပြောလိုက်သည်။ “နင် ဟိုတယ်ကို အရင်ပြန်နှင့်။ ငါလုပ်စရာရှိသေးလို့ ခဏနေမှ ပြန်ခဲ့မယ်။"
ကျီလင်းမှာ အစကနေ အဆုံးထိ စိတ်ရှုပ်ထွေးနေခဲ့တာ ဖြစ်သည်။ ဘာဖြစ်သွားလဲဆိုတာတောင် သူ သေချာမသိလိုက်ပေ။ စီယွီ၏ မျက်နှာပေါ်မှ စိုးရိမ်မှုများကို မြင်လိုက်ရသောအခါ သံသယဝင်လာပြီး မေးလိုက်သည်။ "စစ်ယွီကျဲ ၊ ကျဲကို ခုနက ဘယ်သူခေါ်တာလဲ။"
ကျီလင်းသည် သူ ဒါကိုထုတ်မေးလိုက်မိတာနဲ့ ချက်ချင်းပဲ ဒီမေးခွန်းက စည်းကျော်လွန်းတယ်ဟု ခံစားလိုက်ရ၏။ သူ့အစ်မက သူ့ကို အရမ်းဝင်စွက်ဖက်တတ်တဲ့ ကောင်လေးလို့ ထင်ခံရမှာစိုးသောကြောင့် သူသည် သူ့မေးခွန်းကို ခပ်မြန်မြန်ပဲ ဖုံးကွယ်ဖို့ ထပ်ပြောလိုက်သည်။ “အရမ်းနောက်ကျနေပြီ၊ ကျဲလို မိန်းကလေးတစ်ယောက်တည်း အပြင်မှာ ရှိနေတာ မလုံခြုံဘူး…”
အကြောင်းတစ်ခုခုကြောင့် ရှုချင်းဝမ်၏ အရင်က စကားများသည် ကျီလင်းစိတ်ထဲ ရုတ်တရက် ပေါ်လာခဲ့သည်။ ရှုချင်းဝမ်ပြောခဲ့တာကို သူမှတ်မိသည်မှာ သူ့အစ်မကို ကပ်ဖို့ကြိုးစားနေတဲ့ တာဇံတစ်ကောင်ရှိတယ်ဆို၍ပင်။
သခင်ငယ်လေးကျီသည် ရှုချင်းဝမ် တကယ်ပြောခဲ့တဲ့ မူရင်းစကားက "ကျိုးစစ်ယွီက လူတစ်ယောက်ကို ချိတ်နေတာ" ဆိုတာကိုတော့ လုံးဝမေ့ပစ်ထားလိုက်သည်။ ထို့အစား သူသည် စာကြောင်းလေးကို သူ့စိတ်ကြိုက် အစီအစဉ်တကျ ပြောင်းလဲလိုက်၏။ ကျီလင်း၏ စိတ်ထဲတွင် သူ့အစ်မက အရမ်းတော်တာလေ၊ ဘယ်သူကများ သူမကို မကြိုက်ဘဲ နေမှာလဲ။ တခြားလူတွေကပဲ သူ့အစ်မကို သွေးဆောင်ဖို့ ကြိုးစားနေတယ်ဆိုတာ သိသာနေတာပဲဟာ။
ထိုမှန်းဆချက် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျီလင်းသည် အရင်ပြန်သွားဖို့ကိစ္စကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။ ဘယ်လိုတာဇံကများ စစ်ယွီကို ဒီလောက်နောက်ကျတဲ့အချိန်ကြီး အပြင်ထွက်ဖို့ လှည့်စားရဲတဲ့ သတ္တိရှိတာလဲဆိုတာ သူမြင်ချင်သေးတယ်...
စစ်ယွီသည် သခင်ငယ်လေးကျီ၏ အဆက်မပြတ် နားပူနားဆာလုပ်နေမှုကို သည်းမခံနိုင်တော့ပေ။ ထို့အပြင် ပဉ္စမသခင်လု သူမကို ဖုန်းခေါ်တော့ သူက သူမကို အချိန်ငါးမိနစ်သာ ပေးခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သူမသည် ကျီလင်းကို ဆက်မဖျောင်းဖျတော့ဘဲ တက္ကစီစီးပြီးသာ ဟိုတယ်သို့ အမြန်ပြန်လာခဲ့သည်။
ဟိုတယ်လော်ဘီထဲသို့ ပြေးဝင်လိုက်ပြီးနောက် စစ်ယွီ၏ ခြေထောက်များမှာ ပြင်းပြင်းထန်ထန် လဲကျလုမတတ်ပင်။ သူမ၏ ခန္ဓာကိုယ်သည် အခြေခံအားဖြင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ဖို့ မသင့်လျော်ပေ။ သူမသည် ကြောက်လန့်နေသောကြောင့် ခြေလက်တွေက အေးစက်နေပြီး ဒီနေရာကို ရောက်အောင် တလျှောက်လုံး ပြေးလာပြီးနောက် သူမ ဟိုတယ်ထဲဝင်လိုက်သည်နှင့် ချောင်းမဆိုးဘဲ သွေးမအန်ဘဲ မနေတော့ပေ။ သူမ ခြေလှမ်းများလွဲသွားပြီး လဲကျတော့မလိုဖြစ်သွား၏။
YOU ARE READING
အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)
RomanceName - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Abandoned Children Abusive Characters Acting Artists Beautiful Female Lead Celebrities Cold Love Intere...