နှင်းတွေလွှမ်းနေတဲ့မနက်ခင်းမှာ ကောင်လေးတစ်ယောက်ကတော့ အနွေးထည်ထူပွပွကြီးဖြင့် လမ်းမထက်မှာပြေးလွှားနေသည်။လက်ထဲမှာလည်းအထုပ်တစ်ထုပ်ကို ကိုင်လို့ထားသေးသည်။သိုးမွေးဦးထုပ်အနက်ရောင်လေးဖြင့် ခပ်မြန်မြန်ပြေးသွားပုံမှာ နှင်းတွေကြားထဲပြေးလွှားနေတဲ့ယုန်လေးတစ်ကောင်အလား။
"အိုး...တော်တော်အေးတာပဲ"
အပြင်မှာအေးခဲသွားမတတ်အေးနေမှုက အိမ်ထဲဝင်မှနွေးသွားတော့သည်။နှင်းရေတွေစိုသွားတဲ့ဖိနပ်ကို ဖိနပ်ချွတ်စင်ရဲ့အောက်ဆုံးထပ်မှာသေချာကပ်ချွတ်ပြီးတော့ ဒုတိယထပ်ကအိမ်စီးဖိနပ်အညိုလေးကိုထုတ်စီးလိုက်သည်။သိုးမွေးဦးထုပ်နဲ့အနွေးထည်ထူထူကြီးကိုချွတ်ပြီး ခုံပေါ်မှာလွှားတင်ပြီးတာနဲ့ အေပရွန်အညိုရောင်ကိုဝတ်ဆင်လိုက်သည်။
ဝယ်လာတဲ့အိတ်ထဲကပေါင်မုန့်ထုပ်ကိုယူပြီး ပေါင်မုန့်အတုံးကြီးကို ဘေးသားတွေလှီး၍လေးထောင့်ပုံစံဖြစ်အောင် လုပ်လိုက်သည်။ပြီးတာနဲ့အထဲကပေါင်မုန့်အသားကို နည်းနည်းလောက်ဓါးနဲ့လှီးထုတ်ပြီး ပတ်ပတ်လည်ကိုထောပတ်သုတ်၍မိုက်ကရိုဝေ့ဗ်ဖြင့် 2မိနစ်ခန့်အပူပေးလိုက်သည်။ဒါမှပေါင်မုန့်ကအိအိလေးနဲ့ ထောပတ်အနံ့သင်းနေမှာ။ပေါင်မုန့်ကိုအပူပေးနေတုန်း ရေခဲသေတ္တာထဲကစတော်ဘယ်ရီတွေကိုထုတ်၍ ဆေးကြောပြီးအတုံးသေးသေးလေးဖြစ်အောင်လှီး၍ ဝယ်လာတဲ့ဒိန်ချဥ်နဲ့ရော၍ကြိတ်စက်ဖြင့်ကြိတ်လိုက်သည်။ပေါင်မုန့်ရတာနဲ့ ရောကျိတ်ထားတဲ့စတော်ဘယ်ရီဒိန်ချဥ်တွေကို ဇွန်းဖြင့်ခပ်၍အသားထုတ်ထားတဲ့ပေါင်မုန့်ပေါ်ထည့်လိုက်ပြီး အပေါ်ကနေစတော်ဘယ်ရီတစ်လုံးဖြင့်အလှဆင်ပြီးတာနဲ့ စတော်ဘယ်ရီဒိန်ချဥ်ပေါင်မုန့်ရိုးရိုးရှင်းရှင်းဖြင့် ပြီးသွားပြီဖြစ်သည်။သောက်စရာအနေနဲ့ကတော့ နွားနို့ဖြင့်ချောကလက်ကိုရောကျိုထားသည်။
အချိုကဲတာမကြိုက်တဲ့ကာစတန်မာကြောင့် ချောကလက်အခါးကိုအသုံးပြုထားသည်။