ရော်ရွက်ဝါတွေကူးပြောင်းတဲ့နွေဦးကနေ ချမ်းအေးတဲ့ဆောင်းရာသီကို အလှည့်ကျဆက်တိုက်ကူးပြောင်းပြီး အချိန်တွေကုန်လာလိုက်တာ ဒီနှစ်ရဲ့ခရစ်စမတ်အပြီး ဒီဇင်ဘာ30ရက်နေ့မှာတော့ ထယ်ယောင်းအသက်30ပြည့်တော့မှာဖြစ်သည်။အသက်ရလာတာကိုမကြိုက်တဲ့ထယ်ယောင်းက ဂျောင်ကုထက်7နှစ်ပိုကြီးနေတာကို စိတ်ထဲအမြဲထည့်ပြီး မလုပ်ဖြစ်တော့တာကြာတဲ့မနက်ခင်းထပြေးတာအပြင် တစ်ခြားလေ့ကျင့်ခန်းကိုပါကြိုးစားလုပ်လာသည်။ထယ်ယောင်းတစ်ယောက် သူ့ကိုယ်သူသတိမထားမိတဲ့အချက်ကတော့ သူဟာဂျောင်ကုထက်တောင်ပိုနုပြီး 16နှစ်သားလိုချစ်ဖို့ကောင်းနေဆဲဆိုတာပင်။
"ဟူး...မောလိုက်တာ"
မနက်အစောကြီး အဝေးကြီးထပြေးတာကြောင့် အိမ်ပြန်ရောက်လာတော့ မောဟိုက်နေပြီဖြစ်သည်။
"ဒါကြောင့်...အဝေးကြီးမပြေးနဲ့လို့ပြောတာလေ...ကိုကိုကမောင့်စကားဆိုနားမထောင်ဘူး"
ဂျောင်ကုက ရေခဲတုံးလေးတွေသုံးလေးတုံးထည့်ထားတဲ့ ဖန်ခွက်ကိုယူ၍ ထယ်ယောင်းကိုကမ်းပေးပြီးပွစိပွစိပြောတော့ ထယ်ယောင်းကရေကိုအလောတကြီးသောက်ပြီး ဂျောင်ကုကိုမျက်စောင်းထိုးသည်။အခုဆိုမောင်က စစတွေ့တုန်းကထက် အရပ်လည်းပိုရှည်လာသလို ပိုလည်းချောလာသည်။လက်ခုံမှာဟိုတစ်ကွက်ဒီတစ်ကွက်နေရာယူခဲ့တဲ့ ကလေကချေအရောင်စုံတက်တူးတွေကလည်း ခုတော့ညာလက်မောင်းအပြည့်ဖြစ်လာသည်။တစ်ခြားလူတွေတက်တူးထိုးတာကိုတွေ့ရင် အော်ဂလီဆန်စရာလို့မြင်တတ်ပေမယ့် မောင်နဲ့ကျတော့လည်း လိုက်ဖက်ပြီးတင့်တယ်နေရော။
အင်း...မောင်မို့လို့ပေါ့လေ။ချစ်တော့လည်းအပြစ်မမြင်ပါဘူး။
"ရေသွားချိုးတော့...မနက်စာစားဖို့စောင့်နေမယ်"
"အိုကေ...3မိနစ်ပဲစောင့်"
လက်သုံးချောင်းထောင်ပြပြီး အခန်းထဲပြေးသွားတဲ့ကိုကိုက အသက်30ပြည့်တော့မယ်ဆိုတာ ယုံချင်စရာတစ်ကွက်မှမရှိ။ချစ်ဖို့ကောင်းလွန်းတဲ့ကိုကိုက သူ့အတွက်တော့ဘုရားပေးတဲ့ဆုလာဘ်ပါပဲ။သူ့လိုပေတေတေညစ်ညစ်ပတ်ပတ် သူခိုးလေးကို ယုံယုံကြည်ကြည်နဲ့အိမ်ပေါ်ခေါ်တင်ထားပြီး ကျောင်းလည်းထားပေးတယ် ၊စာလည်းသင်ပေးတယ် ၊ အဝတ်အစားလည်းဆင်ပေးတယ် ၊မုန့်ဖိုးလည်းပေးတယ် ၊ချစ်လည်းချစ်ပေးတယ် ၊ခုလည်းတက္ကသိုလ်ထားပေးပြန်ပြီ။ကိုကို့ကျေးဇူးတွေက ဆပ်မကုန်တဲ့မိဘကျေးဇူးထက်တောင်ပိုများနေတာမို့ တစ်ခါတစ်လေ အောက်မှာထားမိတဲ့အချိန်ဆို ကျေးဇူးရှင်ကိုပစ်မှားမိနေသလားဆိုပြီး တွေးမိတဲ့အထိပင်။