၁၆

1.1K 68 0
                                        

သရက်တောက အထက်လမ်းဆရာတစ်‌ဦးအား ဦးကြီးမြင့် ပင့်ခေါ်လာပြီး စောမူထံတွင် ပူးကပ်နေသော ဖုတ်တစ္ဆေအား နှင်သည်။

ပညာအင်အားခြင်း မမျှတမှုကြောင့် အရှုံးပေးလိုက်ရသော ဖုတ်ကောင်မှာ ဒေါသပုန်ထနေလျက် မကျေချမ်းနိုင်သည့်နှယ်။ နောက်ဆုံးထွက်သက်ထိ နီရဲတောက်နေသော မျက်လုံးကြီး မမှိန်မသုန်နဲ့ ထွက်သွားသည်။

ဖုတ်ကောင်ထွက်သွားသည်နဲ့ သေဆုံးတာကြာပြီဖြစ်သော စောမူခန္ဓာကိုယ်က ပုပ်အဲ့အဲ့အနံ့တို့ထွက်လာသည်။ အရိုးပဲကျန်သော ခန္ဓာကိုယ်က ချက်ချင်းအရည်ပျော်ကျတော့မည့်နှယ်။

သမီးဖြစ်သူ ပြန်ထမလာနိုင်တော့တာကိုကြည့်ရင်း ဒေါ်ပေါက် ချုံးပွဲချငိုတော့သည်။ ရွာသားတွေလည်း မျက်ရည်မကျဘဲ မနေနိုင်ကြပေ။ အသုဘနိဒါန်း ငိုချင်းရှည်ကြီးက လူတို့၏စိတ်နှလုံးအား ထပ်တူထပ်မျှ ကြေကွဲနေစေ၏။

ရွာသားတွေ စောမူ၏ခန္ဓာကိုယ်အား ရေချိုးပေးတော့ အပုပ်နံ့က ပိုဆိုးလာသည်။ အပုပ်ရည်များက စီးကျနေသည်မို့ နေ့မဆိုင်းဘဲ အသုဘချရမည့်ပုံပါပင်။

ရွာဦးကျောင်းဆရာတော်အား သွားပင့်လိုက်ကြပြီး ချက်ချင်းအသုဘချဖို့ ပြင်ဆင်လိုက်ကြရသည်။

သမီးဖြစ်သူအား ချက်ချင်းအသုဘချရမည် ကြားသည်နဲ့ နှလုံးကြေကွဲရလွန်း၍ ဒေါ်ပေါက် မေ့မြောသွားတော့သည်။

မိန်းမနဲ့သမီးဖြစ်သူဖြစ်အင်ကိုကြည့်ရင်း ဦးကြီးမြင့် စိတ်ကိုပြန်တင်းကာ သမီးဖြစ်သူ ဘဝကူးကောင်းဖို့ ဦးစီးရတော့သည်။

အလောင်းပြင်ဆင်၊ အသုဘရှုတရားနဲ့ သရဏဂုံတင် တရားနာပြီး စောမူအလောင်းအား အခေါင်းလှေပေါ်တင်ကာ သင်္ချိုင်းသို့ သယ်သွားကြတော့သည်။

ရေက မကျသေးသည်မို့ အသုဘလိုက်ပို့သူတို့မှာလည်း လှေနဲ့သာ လိုက်ပါပို့ဆောင်ရ၏။ အလျင်စလို အသုဘချလိုက်ရပေမယ့် တစ်ရွာလုံးနီးပါး လိုက်လာကြသည်။

တစ်မနက်လုံး အုံ့မှိုင်းမည်းမှောင်နေသော မိုးက ရုတ်တရတ် သည်းထန်စွာ ငိုကြွေးရွာချလာ၏။ လူ့လောကကြီးထံမှ နှုတ်ဆက်ထွက်ခွာသွားရပြီဖြစ်သော မိန်းမငယ်လေးအား သနားကရုဏာသွန်းဖြိုးနေသည့်နှယ်။

မေတ္တာနုနုစေလိုသူ (Complete)Hikayelerin yaşadığı yer. Şimdi keşfedin