"သမီး အမေ သူ အိပ်ယာထဲလဲနေပြီ..."
ခေါင်းငိုက်စိုက်ကျသွားသော ဘုန်းရောင်ထံမှ မျက်ရည်စက်တို့ တပေါက်ပေါက်စီးကျလာသည်။
"သမီးကိုလွှတ်ပေးပြီးနောက်ပိုင်း အဘ အများကြီးစဉ်းစားခဲ့တယ်။ ဒီလိုလုပ်တာသင့်တော်ရဲ့လား...သမီးအတွက် တကယ်ပဲ ဒီလမ်းကသာ ရွေးချယ်စရာ ရှိတာလားဆိုပြီး အဘ အကြိမ်ကြိမ် ပြန်စဉ်းစားမိတယ်...."
"သမီး..."
ဘုန်းရောင် နှုတ်ဟလိုက်ပေမယ့် ဘိုးလူပေက လက်အသာကာ၍ တားသည်။
"အဘပြောတဲ့စကားကိုပဲ ဆုံးအောင်နားထောင်ပါချေလေ..."
"သမီးဟာ မျိုးရိုးကောင်း၊ပညာတတ် သိက္ခာရှိတဲ့ အမျိုးကောင်းသမီးတစ်ယောက်ပါ...။ ဒီမိန်းကလေး...သမီးရဲ့လက်တွဲဖော်မိန်းကလေးရဲ့ ဇစ်မြစ်ကိုလည်း အဘ စုံစမ်းခဲ့တယ်..."
ကျုံ့ကျုံ့လေးထိုင်နေကြတဲ့ ဘုန်းရောင်တို့နှစ်ဦးသား အကြည့်ချင်း ဆုံသွား၏။ သက်ဝေမျက်နှာလေးသည် ဖတ်မရလောက်အောင် ဗလာဖြစ်နေလျက်။
ဘိုးလူပေ ဆက်ပြောလာသည်။
"ဒီမိန်းကလေးဟာလည်း စာပေနဲ့ပတ်သတ်ပြီး ထူးချွန်တဲ့ ပညာတတ်မျိုးရိုးကောင်းက အမျိုးကောင်းသမီးပဲ...။ သူ့ရဲ့အမျိုးအဆွေတွေကြား ပြသနာတွေ ရှိနေတယ်။ သူ့မျိုးရိုးကို ဆက်လက်ထိန်းသိမ်းဖို့ ခက်ခဲနေတဲ့ထိ ကြီးမားတဲ့ ပြသနာတွေ ဖြစ်နေတယ်။ ဒီမိန်းကလေး ထွက်ပြေးလာပြီး ချန်ထားခဲ့တဲ့ စံအိမ်မှာ လူမမယ် ကလေးတစ်ယောက်က မိသားစုအမွေအနှစ်ကို ဆက်လက်ထိန်းသိန်းဖို့ အသက်ဆုံးလုနီးပါးပဲ..."
လက်ဆစ်လေးတွေ ဖြူဖွေးနေသည်ထိ တင်းတင်းဆုပ်ထားသော သက်ဝေလက်လေးအား ဘုန်းရောင် အုပ်ကိုင်ထားသည်။ ရှိုက်သံဖျော့ဖျော့အား ထိန်းချုပ်နေသော သက်ဝေကိုယ်လေး တုန်ယင်နေပါချေ၏။
"သက်ဝေမှာ မိသားစုဝင်ရှိသေးတာလား အဘ"
"သွေးမရင်းပေမယ့် ဝမ်းကွဲကောင်လေးတစ်ယောက် ကျန်ခဲ့တယ်..."
"ဒီမိသားစုပြသနာတွေ အသာထားလို့ အဘ သမီးကို ပြောချင်တာသက်သက် ရှိရဲ့..။ သမီးဟာ အဘတို့ သိပ်ကိုမြတ်နိုးတန်ဖိုးထားရတဲ့ ရတနာပါ။ မြင့်မြတ်ပြီး အဖိုးတန်တဲ့ ရတနာလေးတစ်ခုပါ...။ ဒီမိန်းကလေးဟာလည်း သူတို့မျိုးရိုးစဉ်ဆက်အတွက် ရတနာပါပဲ...။ ဒီလိုအဖိုးတန်တဲ့ သမီးတို့နှစ်ယောက် လူငယ်သဘာဝ မေတ္တာသက်ဝင်မိကြတယ်။ အတူနေဖို့ ဆန္ဒရှိကြတယ်။
ВЫ ЧИТАЕТЕ
မေတ္တာနုနုစေလိုသူ (Complete)
Любовные романыမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်.... Note _ စိတ်ကူးယဉ်ဇာတ်လမ်းမို့ လက်တွေ့ကအချက်အလက်များနဲ့ ကွဲပြားမှုရှိနိုင်ပါသည်။
