၂၇

1K 67 3
                                        

ယနေ့သည် နှစ်ဟောင်းတစ်ခု ကုန်ဆုံးပြီး နှစ်သစ်ကို ရောက်ရှိတော့မည့် မင်္ဂလာရှိသော အချိန်သမယတစ်ခုပင်။

မြန်မာ့ရိုးရာ နှစ်ကူးပွဲတော်အား စတင်ဆင်နွှဲရတော့မည့် အတာသင်္ကြန်အကြိုနေ့ ဖြစ်ပေသည်။

မနက်အစောကြီးရှိသေး ဘုန်းရောင်သည် ခြံထဲက ပိတောက်ပင်ဆီ ပြေးတော့သည်။

ပိတောက်ပန်းခိုင်တွေ တပွေ့တပိုက်ခူးပြီး ပြန်လာသော သမီးဖြစ်သူနဲ့ သူ့နောက်လိုက် အုပ်စုတွေကို ကြည့်ကာ ဒေါ်လှရင် သွေးတက်တော့မလိုပင်။

သင်္ကြန်မိုးပြေးက မရွာသေးပေ။ သင်္ကြန်အမှီ ပိတောက်ပန်းမြင်ချင်သော ဘုန်းရောင်က ရေပိုက်တွေနဲ့ ပက်ဖြန်းကာ မိုးရွာလာသည်ဟု အထင်ရောက်စေရန် ပိတောက်ပင်အား ဦးနှောက်ဆေးထားတာပင်။

တကယ်လည်း မိုးရွာသည်ထင်၍လားမသိ။ ပိတောက်ပင်ကြီးသည် ‌ဤသင်္ကြန်အကြိုနေ့၌ အဖူးတို့မှ အပွင့်ဝါဝါများ လှိုင်လှိုင်ဝေနေတော့သည်။

ထို့ကြောင့် သင်္ကြန်အကြိုနေ့၌ တောင်ရိုးမြို့တစ်မြို့လုံးမှာမှ ဘုန်းရောင်တို့ခြံက ပိတောင်ပင်ကသာ ဝါထိန်တောက်အောင် ဖူးပွင့်ဝေဆာနေပေ၏။

"ဟဲ့...ပိတောက်တစ်ပင်လုံး မျိုးတုံးအောင်များ ခူးခဲ့သလားဟယ်...။ ကုန်ပါပြီ...အပင်က ခုမှ ပွင့်ဖို့ အားယူနေတုန်းကို..."

"အများကြီး ကျန်ပါသေးတယ် အမေရ...။ မိုးက ဒီနေ့ ရွာလောက်တယ်။ အဖူးတွေ အများကြီးကျန်သေးတာ။ ထပ်ပွင့်ဦးမှာ..."

"ဟုတ်ပါတယ် ဒေါ်လေးရ...။ ကျွန်တော်တို့လည်း နည်းနည်းပဲ ခူးလာတာပါ..."

လပြည့်တို့အုပ်စုက စပ်ဖြဲဖြဲပြောကာ ဒေါ်လှရင်ရဲ့ မျက်စောင်းကြီး ဒိုင်းခနဲ ရောက်လာသည်မို့ အမြန်လစ်ကြတော့သည်။

ဒေါ်လှရင်ရဲ့ ဩဝါဒတရားကို မနက်စောစော သူတို့ မနာယူနိုင်သေးပေ။

"အမေ သက်ဝေနိုးပြီလား..."

"နိုးနေပါ့...။ ကျုပ်ချွေးမက ဆွမ်းတောင် လောင်းပြီးပေါ့..."

"ဟုတ်လား...။ သက်ဝေရေ...ချစ်သက်ဝေ လာပါဦးကွာ....."

ဘုန်းရောင် အသံပြဲနဲ့ အော်ခေါ်လိုက်တော့ ဒေါ်လှရင်က မျက်စောင်းအသာထိုးသည်။

မေတ္တာနုနုစေလိုသူ (Complete)Место, где живут истории. Откройте их для себя