၁၉

1.2K 76 1
                                        

မေမြို့ပန်းဖြူဖြူတွေ တပွေ့တပိုက်နဲ့ အပြေး‌ကလေး လှမ်းလာသူအား သက်ဝေ ပြုံးကြည့်နေမိလျက်...။

ပင်နီဖျင်ရင်ဖုံးဝမ်းဆက်လေးနဲ့ ဆံနွယ်ရှည်တွေကို ဆံထုံးမြင့်မြင့်လေး ထုံးဖွဲ့ထားသည်မို့ သက်ဝေတို့ စတွေ့တုန်းက မလေး ပုံရိပ်အား ပြန်အောက်မေ့မိ၏။

ထိုစဉ်တုန်းက အကြာကြီးငေးကြည့်မိခဲ့သော တော်ဝင်ဆန်ပြီး ကျက်သရေရှိတဲ့ အလှသည် ခုချိန်ထိ မပြောင်းလဲသေးပါချေ။

"စောင့်ရတာကြာသွားလား သက်ဝေ...။ ပန်းသည်ဆီမှာ လူများနေလို့"

"မကြာပါဘူး မလေးရဲ့...။ ဘာလို့ပြေးလာတာလဲ။ ချွေးတွေစို့နေပြီ..."

နားသယ်စပ်လေးက ချွေးစက်တွေကို လက်ကိုင်ပဝါနဲ့ အသာတို့သုတ်ပေးတော့ ပြုံးလျက်ငြိမ်နေသူ...။

စူးရှလှသော မျက်ဝန်းအကြည့်တို့သည် သက်ဝေရှေ့မှာတော့ အမြဲတမ်းနွေးထွေးနူးညံ့လျက်သာ။

"သက်ဝေနဲ့ အကြာကြီးမခွဲနိုင်လို့..."

"ပိုကိုပိုတယ်.."

သက်ဝေမျက်စောင်းထိုးကာဆိုတော့ ခေါင်းမော့ကာ ရယ်မောလာသူ...။

"လိုနေသေးတာပါရှင်..."

ပြောရင်း အနားတိုးကပ်လာသူ၏ ဝဲဘက်ရင်အုံဆီ သက်ဝေ လက်ညှိုးလေးနဲ့ တွန်းထားရင်း

"ဘုရားပေါ်မှာနော်..."

"ဟောရှင်...။ ဘာလုပ်နေလို့တုန်း ချစ်သက်ဝေရဲ့...။ ဘုရားဘက်သွားမလို့ ရှေ့တိုးတာလေ..."

"ဟွန့်...အပြောက ယုံချင်စရာ.."

"ဟားဟား...."

မျက်ဝန်းလှလှတွေ ကွေးညွှတ်နေသည်ထိ ရယ်မောနေသူကိုကြည့်ကာ သက်ဝေပါ ရှက်ရယ်ရယ်မိ၏။

ဒီအမျိုးသမီးရဲ့ ပျော်ရွှင်မှုတွေ သက်ဝေဆီ ကူးစက်လာစေဖို့ဆိုတာ လျင်မြန်လွန်းလှသည်။

ချစ်ခြင်းမေတ္တာသည် အေးချမ်းကြည်နူးစရာပါလား...။

နှစ်ယောက်အတူ ဘုရားပန်းကပ်၊ ဘုရားရှိခိုးပြီးနောက် အာရုံခံတန်ဆောင်းတန်းအတွင်း ထိုင်ကာ  ကြီးမားသပ္ပာယ်လှသော စေတီတော်ကြီးအား ထပ်မံဖူးမြော်ကြသည်။

မေတ္တာနုနုစေလိုသူ (Complete)Where stories live. Discover now