၂၃

1K 60 0
                                        

'မာယာမြိုင်'..။

ဘုန်းရောင်အတွေးထဲက မာယာမြိုင်သည် နန်းတော်ကြီးလို ခမ်းနားသည့် နှစ်ဆောင်ပြိုင်အိမ်ကြီးဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။

မျက်စိရှေ့က မာယာမြိုင်သည်ကား ဘုန်းရောင်အတွေးတွေအား ရယ်သွမ်းသွေးလိုက်သည့်နှယ်။

ဝါးစိမ်းရုံများအလယ်က မာယာမြိုင်သည် လွမ်းမောဖွယ်ရာ အငွေ့အသက်တို့ ခြုံလွှမ်းနေသော ရှေးဟောင်းသစ်သားအိမ်တစ်ခုသာ။

အဆောင်ခန်းများစွာ ဖွဲ့တည်ထားသော အိမ်တော်သည် ရိုးရှင်းစွာ ခမ်းနားသည်ဟု ဆိုနိုင်လေ၏။

ကျွန်းသစ်များနဲ့ကာရံထားသည့် ခြံစည်းရိုးအဝင်မှာ ဝါးရုံပင်များသာ ရှိနေသည်။ လေတိုက်တိုင်း တရွှီးရွှီးမြည်သံများနဲ့ လတ်ဆတ်သော ဝါးစိမ်းနံ့အား ဘုန်းရောင် အတော်သဘောကျသည်။

ဝါးစိမ်းပင်ပျိုတို့သည် သူ့ချစ်သည်းညှာလေးနဲ့တူသည်။ လွယ်လွယ်နဲ့မသေဆုံးတတ်သည့် ဝါးပင်တို့နှယ် သန်မာပျော့ပျောင်းပြီး ဘယ်တော့မှ အရှုံးမပေးတတ်ပေ။

"သက်ဝေ..."

တွေဝေငေးမောနေသည့် သက်ဝေ မျက်လုံးလေးတွေ လှုပ်ရှားသွားသည်။

မျက်ရည်စတို့ လက်လာသည့် မျက်ဝန်းအစုံသည် နီမြန်းကာ မာယာမြိုင်ကို စူးစိုက်ကြည့်နေဆဲ။

"ဒီကို ဘယ်တော့မှ ပြန်လာခွင့်မရတော့ဘူး ထင်ခဲ့တာ..."

လသာဆောင်တွင် ပန်းချီဆွဲနေတတ်တဲ့ အဖွား၏ပုံရိပ်ကို သက်ဝေ မြင်ယောင်မိသည်။

အဖွားသည် သိမ်မွေ့သော အနုပညာသမားစစ်စစ်ပင်။ သက်ဝေအား စာပေ၊အနုပညာကို ချစ်တတ်အောင် သင်ပေးခဲ့၏။

စာပေ၊အနုပညာအား ချစ်တတ်ခဲ့ပေမယ့် ဖန်တီးဖို့ ပါရမီတော့ သက်ဝေမှာ မပါလာပေ။ မာယာမြိုင်မျိုးဆက်တစ်ယောက်အနေနဲ့ ရှက်ဖွယ်ပင်။

"အနုပညာမှာ ပါရမီမပါပေမယ့် မြေးက ဉာဏ်ကောင်းထက်မြက်တယ်။ မြေး အဖိုးရဲ့မျိုးရိုးကို တထေရာတည်း ခြေရာနင်းတာဘဲ။ လူအများကို ဦးဆောင်ရမယ့် ကြီးမြတ်တဲ့ ကံကြမ္မာနဲ့ မိန်းကလေး...."

မေတ္တာနုနုစေလိုသူ (Complete)Onde histórias criam vida. Descubra agora