"ဒီဝါးရေပိုက်တွေက အတော်လေးသဘာဝဆန်တာပဲ..."
အိမ်ခြံဝန်းတွေထဲ ရေသုံးစွဲမှုအတွက် တပ်ဆင်ထားသော ဝါးရေပိုက်များနဲ့ ရေထည့်ထားသော ကျောက်စည်ဆုံများက မျက်စိပသာဒအနေနဲ့ စိတ်အေးချမ်းစေသလို သဘာဝဆန်လှလေ၏။
ကျောက်စည်ပိုင်းထဲမှ ကြည်လင်လှသော ရေများက အေးမြလို့နေသည်။
အရိပ်ရနှစ်ရှည်ပင်တွေနဲ့ အေးမြလှသော ခြံဝန်းကျယ်များ၊ လှပစွာ ဖူးပွင့်နေသော ပန်းရောင်စုံများနဲ့ သဘာဝအတိုင်း စီးဆင်းနေသည့် ရေတံခွန်၊ စမ်းချောင်းများကို လိုက်လံစစ်ဆေးကြည့်ရှုနေသည့် အစိုးရအဖွဲ့က လူကြီးများ၏ မျက်နှာတွေမှာ ကျေနပ်သည့် အရိပ်အယောင်များ ရှိနေ၏။
"ဒီမြို့က အနားယူဖို့ တကယ်သင့်တော်တဲ့ သဘာဝခရီးသွားမြို့ ဖြစ်လာနိုင်တယ်။ ကျုပ်ဖြင့် ဒီအရိပ်ရအပင်တွေအောက် တရေးတမောတောင် အိပ်လိုက်ချင်သေး..."
"ဒီရှေးဟောင်းအိမ်တွေကိုလည်း ကြည့်ပါဦး...။ မြန်မာ့လက်မှု အငွေ့အသက်တွေကို သေချာပြန်ထိန်းသိမ်းပြုပြင်ထားတာ။ ကျွန်မ သဘောအကျဆုံးက ဒီလေပြည်တံတိုင်းဝန်းဧည့်နေဆောင်ပဲ။ ဝင်လာထဲက ကိုယ့်အိမ်ကို ပြန်လာရသလို အေးချမ်းပြီး သက်သောင့်သက်သာရှိလှတယ်။ လေတဖြူးဖြူးတိုက်တိုင်း ဆည်းလည်းသံသာသာလေးတွေ ကြားနေရတာ စိတ်ကိုကြည်နေရောရှင်..."
အဖွဲ့ထဲမှ ဂုဏ်သရေရှိအမျိုးသမီးကြီးက ပြုံးရွှင်ရယ်မောကာ ထိုသို့မှတ်ချက်ပေးလာသည်။
နေ့လယ်စာ ဧည့်ခံကျွေးမွေးသော ဒေါ်မွှေးလှ၏ သစ်သီးဥယျာဉ်မှ ဟင်းလျာများကိုလည်း လူကြီးများ အကြိုက်တွေ့ကြလေသည်။ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ် ခူးယူချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များက ပုံမှန်အရသာထက် ပိုထူးကဲချိုမြိန်လှသည်ကအမှန်။
မြေအိုးဖြင့် ချက်ပြုတ်ထားသော အသားဟင်းတွေက အသားဓာတ်အရသာ အပြည့်အဝရကာ သဘာဝဟင်းခတ်အမွှေးအကြိုင် အရွက်များကြောင့် မွှေးပျံ့နေလျက်။
ပုံမှန်အစားနည်းသူပင် ပိုစားမိသည်ထိ နှုတ်မြိန်စရာတွေပင်။
YOU ARE READING
မေတ္တာနုနုစေလိုသူ (Complete)
Romanceမောင့်မေတ္တာရိပ်အောက်မှာ မောင့်သက်ဝေတစ်ဘဝလုံး နွေးစေ အေးစေကွယ်.... Note _ စိတ်ကူးယဉ်ဇာတ်လမ်းမို့ လက်တွေ့ကအချက်အလက်များနဲ့ ကွဲပြားမှုရှိနိုင်ပါသည်။
