အပိုင်း-၂

553 14 1
                                    

မျိုးလွင်ဦးတစ်ယောက် ကုတင်ပေါ်က သားသားကို သိပ်ပြီး သားသားတော်တော် အိပ်မောကျသွားမှ စောင်လေး အသာခြုံပေးရင်း အခန်းအပြင်ထွက်ခဲ့တော့သည်။အခန်းတံခါးဝမှာ အန်တီဒေါ်မြဝင့်ထည် ကတော့ တရှုံ့ရှုံ့ငိုနေဆဲ။ ဒီနေ့ လုပ်ငန်းအတွက် ပစ္စည်းတွေကြည့်နေရင်း သားသားကျောင်းမလာပဲ ပျောက်နေတယ်ဆိုတဲ့ အဆက်အသွယ်ရလို့ ရှိသမျှအလုပ်ထားခဲ့ပြီး လိုက်ရှာခဲ့ရခြင်းဖြစ်သည်။ဝင့်ထည်စံအိမ် အတွက်တော့ ရဲမာန်ဝင့်ထည်ဆိုသည့် ကလေးလေးမှာ တစ်ဦးထဲသော မျိုးဆက်ဖြစ်ပြီး ပထမဆုံးနှင့်နောက်ဆုံးသော မြေးဦးကလေးဖြစ်သည်။ ထို့ကြောင့်သာ အန်တီမြဝင့်ထည်လဲ ကလေးပျောက်သွားကြောင်း သိရသောအခါ ကြေကွဲဝမ်းနည်းပူဆွေးနေရမည်မှာ အမှန်ပင်။

"စိတ်မပူပါနဲ့တော့ အန်တီ။ သားသားလဲ အခုအိမ်ပြန်ရောက်နေပါပြီ"

"အန်တီတော့ မြေးလေးသာ ပျောက်သွားရင် အသက်ဆက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူးကွယ်"

လက်ကိုင်ပုဝါနှင့် မျက်ရည်စများကို သုတ်ရင်း အန်တီမြဝင့်ထည်က ပြောလာသည်။

"အန်တီရယ် မဟုတ်တာတွေ၊ သားသားက အခုအဆင်ပြေသွားပါပြီ ဘာမှဖြစ်တာမှမဟုတ်ဘဲ။ မစိုးရိမ်ပါနဲ့တော့"

"သမီးလေး အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပြီးတာတောင် သိပ်မကြာသေးဘူး။ မြေးလေးကပါ ဒီလိုထပ်ဖြစ်တော့ အန်တီတော့ ရူးချင်သွားတော့တာပါပဲ"

"နောက်ဆို အဲ့ဒီလိုထပ်မဖြစ်အောင် သားသားကို ကျွန်တော် စောင့်ရှောက်ပါ့မယ် အန်တီ။ အခုကလဲ သားသားက ကျွန်တော့်ကို စိတ်ကောက်ပြီး လုပ်တာပါ။ နောက်မဖြစ်အောင် သားသားကို သေချာဂရုစိုက်ပါ့မယ်"

အန်တီဒေါ်မြဝင့်ထည်က ငိုကြွေးရင်းပင် မျိုးလွင်ဦး၏ လက်တို့ကို ဆုပ်ကိုင်လာသည်။

"အားကိုးပါတယ်သားရယ်။ မြေးလေးကလေ သားအပေါ်ကို သိပ်ခင်တွယ်ရှာတာ။ သူ့အမေအပေါ်တောင် အဲ့ဒီလောက် မကပ်တွယ်ဖူးတဲ့မြေးလေးက သားကိုဆို ကပ်တွယ်လွန်းတာမို့ သားကပဲ မြေးလေးကို စောင့်ရှောက်ပေးပါအုံးနော်"

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now