အပိုင်း-၁၈

227 7 1
                                    

မျိုးလွင်ဦးလဲ ကောင်လေး မိုးကုတ်သွားတယ် ကြားကြားချင်း သူလဲသုတ်ခြေတင်ပြီး ကောင်လေးနောက်ကိုအပြေး လိုက်ရတော့သည်။ ကောင်လေးရဲ့ ဇွတ်တရွတ်အကျင့်ကို အသိဆုံးမို့ မနေ့ညက ကိစ္စကြောင့် သူ့အဖွားကို သွားပြောတော့မယ်မှန်း ရိပ်မိလိုက်တာကြောင့် အတတ်နိုင်ဆုံး အမြန်လိုက်ရတော့သည်။မိုးကုတ်မြို့ရှိ အိမ်ရောက်တော့ ကောင်လေးက မေမေမြနှင့် စကားပြောရင်း ရယ်မောကာ ဧည့်ခန်းထဲထိုင်နေလေသည်။ မေမေမြက သူ့ကိုမြင်သည်နှင့် ဝမ်းသာအားရပြုံးပြလာသည်။

"အမယ် ဒီသားအဖနှစ်ယောက် ဘယ်လိုဖြစ်တာလဲ။ လာမယ်ဆိုရင်လဲ တူတူလာကြတာမဟုတ်ဘူး။ တစ်ယောက်ကလဲ မနက်အစောကြီးရောက်လာတယ်။ တစ်ယောက်ကလဲ ရေးကြီးသုတ်ပြာနဲ့ ဘယ်လိုတွေဖြစ်လာကြတာလဲ"

ဒေါ်မြဝင့်ထည်၏ ပျော်ရွှင်နေသည့် လေသံကြောင့် ရဲမာန် ဘာမှမပြောရသေးမှန်း သဘောပေါက်လိုက်မိပြီး သက်ပြင်းလေး ခိုးချလိုက်ရတယ်။

ဟူး.....တော်သေးတာပေါ့။

"ဘာမှမဖြစ်ပါဘူး မေမေမြရဲ့။ ကျွန်တော် ရန်ကုန်မှာ အလုပ်လေးနည်းနည်း မပြတ်သေးလို့ နောက်ကျမှ ရောက်လာတာ"

ဘေးနားက ကောင်လေးကတော့ သူ့ကိုကြည့်ရင်း မခိုးမခန့်ရယ်လေသည်။

"ဒီနေ့တော့ တို့မိသားစုတွေ အကုန်စုံတော့ ဒီအဖွားက ကိုယ်တိုင်ထမင်းချက်ကျွေးရမှာပေါ့"

"မေမေမြရယ် မဟုတ်တာ။ အိမ်က ကလေးမတွေ လုပ်ပါစေ။ ကျွန်တော်တို့လာတာနဲ့ မနားရပဲ နေမယ်"

"အမလေး ဒီအဖွားကြီးရဲ့ ကျန်းမာရေးကောင်းနေပါပြီနော်။ ကဲ ဖွားမြေးလေး ဘာစားချင်လဲ"

"ဝက်သားချဥ်နဲ့ ဖက်ထုပ်ဟင်း စားချင်တယ် ဖွား"

"ဟုတ်ပြီ ဟုတ်ပြီ။ ငါ့မြေးလေး စိတ်တိုင်းကျ ဖြစ်စေရမယ်"

ဒေါ်မြဝင့်ထည်ကတော့ ပြုံးရွှင်မြူးကာဖြင့် အိမ်ကအလုပ်သမား ကလေးမတွေနဲ့အတူ မီးဖိုချောင်ဝင်သွားတော့သည်။ မေမေမြသွားတော့မှ မျိုးလွင်ဦးလဲ ရဲမာန်ဝင့်ထည်နား ကပ်ထိုင်ကာ ခပ်တိုးတိုးသတိပေးရတော့သည်။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now