အပိုင်း-၂၇

217 10 1
                                    

အန်တီသက်က မျိုးလွင်ဦး ထမင်းစားနေသည်ကို ဘေးနားကနေ လိုအပ်တာလေးတွေ လုပ်ပေးနေရင်း

"သားနဲ့ ရဲမာန် ရန်ဖြစ်ထားကြတာလား"

"မဖြစ်ပါဘူး အန်တီရဲ့။ ဘာဖြစ်လို့လဲ"

"အော်...ရဲမာန်လေးက ဒီရက်ပိုင်း အိမ်သိပ်မကပ်လို့လေ။ သားတို့များ ရန်ဖစ်ထားလို့ များလားလို့ အန်တီက မေးကြည့်တာပါ"

"အော်...ဟုတ်ကဲ့ မဖြစ်ပါဘူး"

အန်တီသက် အမေးကို မျိုးလွင်ဦး အပြုံးလေးနှင့်သာ တုံ့ပြန်လိုက်ရသော်လဲ စိတ်ထဲတွင်တော့ သိပ်အဆင်မပြေခဲ့ပါ။ ကောင်လေး ဒီရက်ပိုင်း အိမ်သိပ်မကပ်သည်မှာ အမှန်ပင်ဖြစ်သည်။ မနက်အစောကြီး အပြင်ထွက်သွားလေ့ရှိပြီး ညဘက်ဆိုလျှင် တော်တော်နောက်ကျမှ ပြန်လာတတ်သည်မှာ သုံးလေးရက်ခန့်ပင်ရှိလေပြီ။ အကျိုးအကြောင်းမေးဖို့ အသာထား။ ကောင်လေးမျက်နှာကိုပင် သိပ်မမြင်ရ။ညရောက်ရင်လဲ အိပ်ခါနီးအချိန်လောက်မှ ပင်ပန်းစွာ ပြန်လာတတ်ပြီး တန်းအိပ်ကာ မနက်အစောထသွားတတ်သည်မို့ ကောင်လေးနှင့် သေချာစကားမပြောဖြစ်ခဲ့။

မျိုးလွင်ဦး မှန်ရှေ့မှာ ရပ်ရင်း ကိုယ့်ကိုကိုယ် ကြည့်နေမိသည်။ မှန်ထဲမှာ ပေါ်နေသည့်ပုံရိပ်ကို ကြည့်ရင်းသက်ပြင်းချမိပြန်သည်။ ဒီရက်ပိုင်း သက်ပြင်းဘယ်နှခေါက်လောက် ချနေမိသလဲ မသိတော့ပါ။

အင်းပေါ့လေ။ဒီလိုငယ်ရွယ်နုနယ်မှုတွေ မရှိတော့တဲ့ သူ့လိုလူနဲ့ အခုမှ ပွင့်လန်းဖူးပွင့်စအရွယ် နုနယ်ချောမောလှတဲ့ကလေးတစ်ယောက်နဲ့ ယှဥ်ရင် ဘယ်သူက သူ့ကိုရွေးချယ်ချင်ပါ့မလဲ။ကောင်လေးဘက်က ကြည့်ရင်လဲ မှန်ပါသည်။ သူကိုယ်တိုင်ရွေးချယ်ရမည်ဆိုလျှင်တောင် ကိုယ်နဲ့ ၁၅နှစ်ကျော်ကွာတဲ့ အသက်ကြီးကြီး လူတစ်ယောက်နဲ့ ကိုယ့်ထက်အသက်ငယ်တဲ့လူ ဆိုရင် ငယ်ရွယ်ပြီး ချောမောလှပတဲ့ လူကိုပဲ ရွေးချယ်မိမှာ။ ဒါကြောင့်မို့ ကောင်လေးကို အပြစ်မတင်ရက်။ ကောင်လေးပြောခဲ့သလို စောစောမွေးဖွားလာခဲ့မိတဲ့ သူ့အပြစ်ပါပဲ။ ဒီလောက်...ဒီလောက်နဲ့ပဲ ကျေနပ်ကြရအောင် မျိုးလွင်ဦး။ မင်း ကောင်လေးရဲ့အချစ်တွေ အများကြီးကို ပိုင်ဆိုင်ခဲ့ပြီးပြီပဲ။ ထပ်ပြီးလောဘမတက်နဲ့တော့။ ဘယ်အထိများ မင်းက လောဘတက်ချင်သေးတာလဲ။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now