အပိုင်း-၇

269 10 1
                                    

မျိုးလွင်ဦး တစ်ယောက် ညဥ့်နက်နေပြီဖြစ်တာတောင် မအိပ်နိုင်သေးဘဲ ဧည့်ခန်းမတွင်ထိုင်ကာ ခြံဝန်းထဲသို့ တမျှော်မျှော်ဖြစ်နေရသည်။ အကြောင်းမှာမူ ရဲမာန်ဝင့်ထည် အိမ်ပြန်ရောက်မလာသေးသောကြောင့် ဖြစ်သည်။ အသက် နှစ်ဆယ်ကျော် တက္ကသိုလ်ကျောင်းသားဖြစ်လာသော ရဲမာန်ဝင့်ထည်သည် အရင်လို မျိုးလွင်ဦး စကားကို နားမထောင်တော့ပေ။ ပိုက်ဆံကို ရေလိုသုံးကာ ဖြုန်းနိုင်ပြီး အဖွားကလဲ သူ့မြေးစကားတစ်ခွန်းဆို တစ်ခွန်းအကုန်လုပ်ပေးတတ်ကာ အလိုလိုက်ခဲ့ခြင်းကြောင့် ရဲမာန်မှာ အခုတလော ခြေလှမ်းပျက်ချင်လာသည်။ အပေါင်းအသင်းများလာပြီး နေ့စဥ်နေ့တိုင်း အိမ်ပြန်နောက်ကျ လာခဲ့သည်။ ရည်းစားတွေထည်လဲ တွဲပြီး ပြန်လာတိုင်းလဲ မူးရူးကာ ကားကို မောင်းလာတတ်သည်။ ထို့ကြောင့်သာ စိတ်ချလက်ချမအိပ်နိုင်သေးပဲ ရဲမာန်ဝင့်ထည် အိမ်ပြန်အလာကို စောင့်နေရခြင်းပေ။ ငယ်ငယ်ကလို မျိုးလွင်ဦးကို ကပ်တွယ်ကာ ချော့မော့ပြောလိုက်လျှင် တစ်ခွန်းဆို တစ်ခွန်းနားထောင်တတ်သည့် ကလေးလေးမျိုးမဟုတ်တော့။ အခု နောက်ပိုင်းတွင် အနေပိုဝေးလာကာ သူနှင့်ရဲမာန်ဝင့်ထည်မှာ သားအဖဆက်ဆံမျိုးတောင် မရှိတော့ချေ။ မျိုးလွင်ဦးပြောသမျှကို နားမထောင်တော့ပဲ ဂလန်ကဆန်လုပ်ကာ အရွဲ့တိုက်လာသည်။

အစကတော့ ဆယ်ကျော်သက်အရွယ်၊ လူပျိုဖော်ဝင်ကာစအရွယ်၊ အရာရာကိုပုန်ကန်ချင်နေသည့် အရွယ်မို့ အရမ်းကြီး တင်းကြပ်မထားခဲ့ဘဲ လွှတ်ပေးထားခဲ့ရာမှ အခုလောက်အထိ သူနှင့်ဝေးကွာသွားရခြင်း ဖြစ်သည်။အသက် ၁၆နှစ်လောက်က စတင်၍ ရဲမာန်ဝင့်ထည်သည် မျိုးလွင်ဦးနှင့် ခပ်ခွာခွာနေထိုင်လာကာ ပြောစကားဆိုစကား နားမထောင်တော့ပေ။ လိုချင်တာရှိခဲ့လျှင်တောင် သူ့ဆီတိုက်ရိုက်မပြောခဲ့ပဲ မိုးကုတ်က အဖွားဆီလှမ်းပြောခဲ့သည်။

ဒီကလေးနှင့် သူ့ကို ဘာတွေကများ ဝေးကွာစေခဲ့သလဲ မျိုးလွင်ဦးလဲ နားမလည်နိုင်တော့ပါ။

အရင်လို သူ့ကိုကပ်တွယ်ပြီး စကားနားထောင်တတ်သည့် ကလေးလေးမျိုး ပြန်ဖြစ်စေချင်မိတယ်။ ဒါမှသာ သူနှင့်ဒီကလေးကြား ဆက်နွယ်မှုတစ်ခုခု ရှိနေသလို ခံစားချက်မျိုး ရှိစေမှာဖြစ်သည်။ ယခုလိုမျိုး ဘာမှမသက်ဆိုင်သည့် သူစိမ်းတွေလို အနေအထားမျိုးက သူ့အတွက်လဲ တကယ် နေရထိုင်ရ အဆင်မပြေခဲ့ပါ။ တကယ်လဲ ဘာမှမသက်ဆိုင်သည့် သူစိမ်းတွေဖြစ်ပေမဲ့ပေါ့လေ။ အတွေးများနေခိုက် ခြံရှေ့ကားသံကြားမှ ထွက်ကြည့်မိတော့ ထင်သည့်အတိုင်း အရက်သောက်စားမူးရူးကာ ပြန်လာခြင်းဖြစ်သည်။ ဒီနေ့တော့ ဒီကောင်လေးကို သူဆူရမည်ဟု တွေးကာ ဧည့်ခန်းတွင်သာ စောင့်နေလိုက်သည်။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now