အပိုင်း - ၁၄
မြူက အိမ်တော်ထိန်း လာချပေးသည့် အသီးလေးများကိုစားရင်း သားသားနှင့် ဆော့နေလေ၏။ သူရိန်ကတော့ မင်းခန့်က အလုပ်ကိစ္စပြောမည်ဆိုသည့်အတွက် အလုပ်စားပွဲတွင် ရောက်နေရသည်။ ထို့ကြောင့် မင်းခန့်ကို ပျစ်ပျစ်နှစ်နှစ် ဆဲပစ်မည်ဟု သူရိန် တေးထားလိုက်သည်။ တစ်ဖက်မှ မင်းခန့်ကတော့ သူရိန် တေးမှတ်ထားသည်ကို သတိထားမိပုံမပေါ်။ အလုပ်ကိစ္စများကို Video Chat ဖြင့် အားရပါးရပြောနေလေ၏။
"အဲ့ဒီတော့.. ဘာဆက်ဖြစ်"
"သူရိန်ရယ်.. အဲ့ဒါ ဂွင်ပဲကို.. မင်းနဲ့ဆို ကွက်တိ.. မင်း ဝယ်ထားလိုက်ပါလား"
"ဝယ်ထားတော့.."
"ဝယ်ထားတော့ အမြတ်ရမှာလေ.. ဒီလောက်ကောင်းနေတဲ့ နေရာ.."
"ပြီးတော့ရော.."
သူရိန် ဘုကန့်လန့်ပြောနေသည်ကို မင်းခန့်က အခုမှ သတိထားမိဟန်။
"ဟေ့ကောင် .. ဘာဖြစ်နေတာလဲ..သူရိန်"
"မင်းပြောတာတွေ နားထောင်နေတယ်လေ"
"နားထောင်နေတာတော့ သိတယ်.. မင်းကြည့်ရတာ စိတ်မပါ လက်မပါနဲ့.. သူရိန်ရာ.. မင်းပုံစံကြီးက အစားထိုးခံလိုက်ရတဲ့အတိုင်းပဲ.. အလုပ်နဲ့ပတ်သက်ရင် အမြဲတက်ကြွနေတဲ့ကောင်က ဘာဖြစ်နေတာလဲ"
သူရိန် လေပူတစ်ချက်ကို မှုတ်ထုတ်ပစ်လိုက်သည်။
"ငါ မနက်က မင်းဆီ စာပို့ထားတယ်.. ဖတ်လား"
"ဖတ်တယ်လေ.."
"အဲ့စာကို အခု ဖတ်ပြစမ်း မင်းခန့်"
မင်းခန့်က ဖုန်းလေးထဲမှ သူရိန် ပို့ထားသည့် စာကို ပြန်ဖွင့်ဖတ်ရသည်။
"မင်းခန့်.. ဒီနေ့ ငါ သွားစရာရှိလို့.. အလုပ်ကိစ္စတွေရှိရင် မနက်ဖန်မှ ပြော... ဟာ.."
"အေး မင်း အဲ့စာဖတ်ပြီး အခု ငါနဲ့ အလုပ်ကိစ္စ လာပြောနေတယ်.. ငါ စိတ်ကြည်ပါတော့မလား"
မင်းခန့်က ခေါင်းကုတ်ရင်းရယ်သည်။
"မသိဘူးလေကွာ.. မင်း သွားစရာက မနက်ပိုင်းနဲ့တင် ပြီးလောက်ပြီလို့ ထင်ထားတာ"
YOU ARE READING
မြူချစ်ရလေသော...(Completed)