Part 17 (Uni/Z)

21.2K 663 17
                                        

     အပိုင်း - ၁၇

     စိုင်းသူရ ကားပေါ်ကဆင်းပြီး Shine Hotel ထဲ ဝင်ခဲ့လိုက်သည်။ ထို့နောက် Reception မှာ မေးလိုက်သည့်အခါ သူရိန်နှင့်မြူက ဒီကိုရောက်နေမှန်း သိလိုက်ရပြီ။ ထို့ကြောင့် VIP Room ဆီ တက်ခဲ့လိုက်၏။

     စိုင်းသူရ၏ ရင်အစုံကတော့ လှုပ်ရှားလျှက်။ စိုင်းသူရ အနေဖြင့် မြူကိုလက်မလွှတ်နိုင်။ Z Studio အတွက် မြူက အရေးပါနေဆဲ။ မြူကို ချစ်မချစ်ကတော့ စိုင်းသူရ ဝန်မခံချင်မိ။ လက်မလွှတ်နိုင်တာကတော့ သေချာသည်။ အကြောင်းပြချက် ရေရေရာရောမရှိသည့် ကိုယ့်ကိုယ့်ကို အားမရလှသော်လည်း ခုချိန်မှာ ဘာမှမတွေးနိုင်သေး။ စိုင်းသူရ၏ ဦးနှောက်မှာ အတွေးတို့က ဗလာသက်သက်။ မြူကို လွှတ်မပေးချင်တာကလွဲရင် ဘာမှမသိချင်။

     စိုင်းသူရ VIP Room ရှေ့မှာ ခြေစုံရပ်လိုက်မိသည့် အခိုက် တံခါးလေးက ကွက်တိပွင့်လာသည်။ အခန်းထဲမှ ထွက်လာကြသူများကတော့ သူရိန်နှင့် မြူ။ မြူက သားသားကို ချီထားသည့်အခါ စိုင်းသူရ လက်သီးကို တင်းနေအောင် ဆုပ်မိသွားသည်။ သားသားက အိပ်ပျော်နေဟန်ရှိသည်။ သူရိန်က စိုင်းသူရကို တွေ့သည့်အခါ မျက်နှာပျက်သွား၏။

     မြူ ကိုစိုင်းကို တွေ့လိုက်ရသည့်အခါ မျက်မှောင်လေးကျုံ့မိသွားတော့သည်။

     "ကိုစိုင်း.. ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"

     မြူ မေးလိုက်သည့်အခါ ခပ်ကြောင်ကြောင်ရပ်နေသည့် စိုင်းသူရက အင်းမလုပ်၊ အဲမလုပ်။ သူရိန် သက်ပြင်းချရင်း စိုင်းသူရ၏ ပခုံးကို လှုပ်ခါလိုက်မှ အသိပြန်ကပ်လေဟန်။

     "အာ.. အင်း.. အင်း... မြူကို လာခေါ်တာလေ"

     "မြူ ကားယူလာတယ် ကိုစိုင်း"

     "ဟုတ်လား.. ဒါပေမယ့် ကိုယ် မြူနဲ့ ပြောစရာရှိလို့... ကိုယ်ပဲ ပြန်လိုက်ပို့မယ်လေ.. ကားထားခဲ့လိုက်တော့"

     "ဘာပြောမလို့လဲ ကိုစိုင်း.. အလုပ်ကိစ္စဆိုရင်..မနက်ဖန်မှ..."

     စိုင်းသူရ မြူကို စကားဖြတ်ပြောလိုက်သည်။

     "ကိုယ်နဲ့မြူရဲ့ကြားမှာ အလုပ်ကိစ္စပဲ ပြောရတော့မှာလား မြူရယ်"

မြူချစ်ရလေသော...(Completed)Where stories live. Discover now