(Unicode)
"သားကိုမသိစေချင်ခဲ့တာတွေပေါ့ သားရယ်"
"....."
အခန်းငယ်လေးက အချိန်အတော်အတန်ကြာ တိတ်ဆိတ်သွားတယ်။ သားအတွက် အချိန်ခဏလိုအပ်မယ်လို့ တွေးတဲ့ မစ္စဝမ်က သူ့သားအခန်းထဲကနေ ထွက်သွားခဲ့တယ်။ ကျန်ခဲ့တာ ဝမ်ရိပေါ်တစ်ယောက်ထဲ။
ကြားခဲ့သမျှကို process လုပ်ဖို့အတွက် သူ့ဦးနှောက်က လိုက်မမီတော့တဲ့အခါ အတွေးတွေက ပြန့်ကျဲကုန်တယ်။ ‘ဘာလို့...’ နဲ့ အစချီတဲ့ မေးခွန်းတွေက ခေါင်းထဲမှာ ပြည့်လာတယ်။ ပြည့်လွန်းလို့ အသက်ရှူတွေပါ ကြပ်လာသလိုပဲ။
သူ့ကိုယ်သူ အပြစ်တင်ရမလား၊ ရှောင်းကျန့်ကို အပြစ်တင်ရမလားဆိုတာက မသဲမကွဲ။ သူ့အနေနဲ့ ဘာမှမသိခဲ့တဲ့ အခြေအနေတွေအတွက် သူ့ကိုယ်သူလည်း အပြစ်မတင်နိုင်သလို သူမသိခဲ့တဲ့ အခြေအနေတွေကြောင့် ခံစားခဲ့ရတဲ့ ရှောင်းကျန့်ကိုလည်း အပြစ်မတင်ရက်။
ဒါပေမယ့်လည်း အကယ်၍ သူသာ သိနေခဲ့ရင်...။
အခြေအနေတွေက အခုထက် အများကြီး ပိုကောင်းနေလောက်လား။
_____
သူမှတ်မိသလောက်ဆို ဆောင်းရာသီ သုံးခါတိတိ ရောက်ပြီးသွားပြီ။ နှင်းတွေ မိုးရွာသလိုကျနေတဲ့အခါ တစ်ချိန်က ဒီလိုရက်တစ်ရက်မှာ ထိုးခဲ့မိတဲ့ တစ်စုံတစ်ယောက်ကို သတိရမိပြန်တယ်။ နှင်းတွေကျနေပေမယ့်လည်း အဲ့ဒီလူကတော့ နှင်းတွေနဲ့အတူ ပါမလာဘူး။လက်ထဲက card ကို ကြည့်မိပြန်တဲ့အခါ သက်ပြင်းချမိပြန်တယ်။ လတိုင်း card ထဲ ဝင်လာတဲ့ ရန့် ၅၂၀၀၀ က သူ့ကို ပိုပြီးဝမ်းနည်းစေချင်တဲ့ ရည်ရွယ်ချက်များလား။ card ထဲဝင်နေသမျှ ပိုက်ဆံတွေကို တစ်ပြားလေးတောင်မှ ထုတ်မသုံးမိဘူးဆိုတာရော ရှောင်းကျန့်သိပါ့မလား။
"ကျွန်တော်သွားတော့မယ်"
"ဂရုစိုက်နော်၊ သား"
အိမ်ထဲကထွက်မိတိုင်း ရှောင်းကျန့်မရှိတော့တဲ့ ဟိုဘက်အိမ်ကို အမြဲငေးကြည့်မိတယ်။ ‘တနေ့နေ့တော့ ပြန်လာမှာပါ’ လို့တွေးရင်း စောင့်နေမိပေမယ့်လည်း ဘာအတွက်ကြောင့်လဲဆိုတာ အဖြေရှာမရပြန်ဘူး။