(Unicode)
လောဘဆိုတာက တော်တော်ကြောက်ဖို့ကောင်းတယ်။ နည်းနည်းလေး စလိုက်မိတာနဲ့ အဆုံးမသတ်နိုင်လောက်အောင်ကို လောင်လာတဲ့ မီးလိုပဲ။ ပထမတော့ ကိုယ့်ဖာသာလောင်တယ်။ နောက်တော့ သူများတွေကိုပါ ကူးကုန်တယ်။
"ရှောင်းကျန့်၊ ရုပ်ရှင်တစ်ရုံလုံးငှားလိုက်"
"ရှောင်းကျန့်၊ Disneyland လိုက်ပို့"
"ရှောင်းကျန့်၊ ဗိုက်ဆာလို့ မုန့်လာပို့"
"ရှောင်းကျန့်၊ နာရီလေးတစ်လုံးလောက် ဝယ်ပေး"
ရိပေါ်ရဲ့ တနေ့တာက ရှောင်းကျန့်ကို အနိုင်ကျင့်ခြင်းက စပြီး ရှောင်းကျန့်ကို အနိုင်ကျင့်ခြင်းနဲ့ပဲ အဆုံးသတ်ပါတယ်။ သူ ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ အပြေးအလွှားရောက်လာတဲ့ ရှောင်းကျန့်ကို မြင်ရတာ သူသိပ်ကြိုက်တာပဲ။ လိုချင်တာ ပြောလိုက်ရုံနဲ့ နောက်နေ့လက်ထဲရောက်လာတဲ့ ဘဝကို တဖြည်းဖြည်း နှစ်သက်လာတယ်။
အဲ့ဒါကြောင့် ရှောင်းကျန့် သူ့ကိုကြိုက်နေသရွေ့တော့ ရသမျှ အခွင့်အရေးအကုန်ယူရမယ်လို့ တွေးထားလိုက်တယ်။
"ရှောင်းကျန့်၊ ငါလေ နေ့တိုင်း ကျောင်းကို စက်ဘီးနင်းပြီး သွားနေရတာ အရမ်းပင်ပန်းတာပဲ"
"ငါ့ကားနဲ့လိုက်ခဲ့လေ"
"ပြီးရော ဟိဟိ"
လိုချင်တာရသွားလို့ ပျော်နေတဲ့ ဝမ်ရိပေါ်ကို ကြည့်ပြီး ရှောင်းကျန့်က ပြုံးတယ်။ အသုံးချခံနေရမှန်း သိတာတောင် ဆက်အသုံးချခံနေတာ ဘာသဘောပါလိမ့်။
နောက်နှစ်လနေရင် နှစ်ဆုံးစာမေးပွဲဖြေရပြီ။ အချိန်တွေက ဘာလို့ အဲ့လောက်မြန်သွားလဲ မသိပေမယ့် ဒီကာလတစ်ခုလုံးမှာတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ဘေးက လုံးဝမခွာခဲ့ဘူး။
"ရိပေါ်၊ ငါ့ကို စဉ်းစားပေးနေတယ်မလား"
"အင်း။ နေ့တိုင်းစဉ်းစားနေပါတယ်"
‘မင်းကို အနိုင်ကျင့်ဖို့’ ဆိုတာကိုတော့ သူထည့်မပြောလိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးမျှင်သေးသေးလေးတော့ တန်းထားရမယ်လေ။ အဲ့ဒါမှ ဟိုက ဆက်ကြိုက်နေတော့မှာပေါ့။