အပိုင်း (၃၄၇)
ဒါတွေအားလုံးက အစ်ကို ၂ ညီမလေးကို ဆွဲဆောင်လို့လေ
နန်းပေါင်ရီက ရထားလုံးဖြင့် စစ်တန်းလျားသို့ သွားလိုက်သည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ စစ်စခန်း၏ တဲများမှာ စီရီလျက် ရှိနေပြီး စစ်သည်တို့သည် ကွင်းပြင်၌ စစ်ရေး လေ့ကျင့်နေကြသည်။ ဆောင်းဦးရာသီ နှောင်းပိုင်းကို ရောက်နေပြီ ဖြစ်သော်လည်း သူတို့က ချွေးသံ တရွှဲရွှဲဖြင့် အဝတ်ပါးလေးများ ဝတ်ဆင်ထားကြပြီး အလွန်ကို ခွန်အားကြီးမား နေကြဆဲပင်။
ထိုသည်ကိုကြည့်ပြီး ဒီစစ်တပ်က လွှမ်းမိုးနိုင်စွမ်း ရှိသည်ဟု သူမခံစားရသည်။
သူမက ရှောင်းယီ၏ တဲအတွင်းသို့ ဝင်သွားလိုက်သည်။ အမိန့်စာ ဖတ်ကြားရန်လာသော မိန်းမစိုးလေးက အနားယူရန် အတွက် တဲအတွင်းက ပြန်ထွက်သွားပြီ ဖြစ်ပြီး ရှောင်းယီ တစ်ယောက်တည်းသာ တဲကြီးအတွင်းမှာ ကျန်နေခဲ့သည်။
စားပွဲထက်တွင် ရွှေဝါရောင် လင်းလက်နေသော ဧကရာဇ်၏ အမိန့်စာက ဖွင့်လျက်သား။
စစ်စခန်း တဲကြီးကိုဖြတ်၍ ကြီးမားသော ကန့်လန့်ကာကြီးနှင့် ကာရံထားပြီး ထိုကန့်လန့်ကာများမှာ နူးညံ့သော ပိုးသားများနှင့် ပြုလုပ်ထားကာ လောကကြီးက တန်ဖိုးကြီးသည့် ရုပ်ပုံများ၊ တောင်တန်းများ၊ စမ်းချောင်းများကို ထိုးထားသည်။
သူက မြေပုံ၏ရှေ့၌ ရပ်နေသည်။ သားရေဖိနပ်နှင့် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးကျဉ်ကျဉ်နှင့် သူ၏နောက်ကျောဘက်က မြင်ရသော အရပ်က မြင့်မားလှသည်။
"အစ်ကို ၂"
သူမက နူးညံ့ညင်သာစွာ ခေါ်လိုက်လေသည်။
ရှောင်းယီက လှည့်ကြည့် မလာချေ။ နန်းပေါင်ရီက အစားအစာ သေတ္တာကို ချလိုက်ပြီး ဧကရာဇ်၏ အမိန့်တော်ကို တစ်ချက်ကြည့်လိုက်သည်။
မှန်းထားသည့် အတိုင်း အစ်ကို ၂ ကို ရှုနိုင်ငံ၏ ဘုရင်ခံအဖြစ် ခန့်အပ်လိုက်ပြီး ကျန်းမန် တံတိုင်းပေါ်မှာ ထွက်ပြေးသွားသော ဘုရင်ခံရွယ်ကို ချေမှုန်းနိုင်ခဲ့သည့် အတွက် ဘုရင်ခံရွယ်၏ စစ်တပ် အားလုံးကိုပါ လွှဲပြောင်း ပေးအပ်လာသည်။