U+Z
"ဇာနည် ဆရာခေါ်နေတယ် လိုက်ခဲ့"
သူတို့အားလုံး ရေရေရာရာလို့ ဘာမှမလုပ်ရသေးပဲ နေ့တိုင်းအိပ်ခန်း၊ ရေချိုးခန်းနဲ့ ထမင်းစားခန်းထဲမှာပဲ ကျင်လည်နေရသည်။ အခုတော့ သူ့ကိုခေါ်တယ်ဆိုတာကြောင့် သူ အခေါ်လွှတ်လိုက်တဲ့သူနဲ့လိုက်သွားလိုက်၏။
ဆရာဆိုသူကိုမြင်တာနဲ့ ဇာနည်က ခါးကိုချိုးကာ ဦးညွှတ်ပြီးအရိုအသေပေးသည်။ ပြီးတာနဲ့ မတ်တပ်နေရပြီး ဆရာဆိုသူက tablet ကိုဆက်ကြည့်နေဆဲဖြစ်သည်။ ဆရာ (ခေါ်) ဦးမာန်ဟိန်းဘေးနားမှာ ကိုဝေလုရှိသလို အခြားသက်တော်စောင့်တွေလည်း အများကြီးရှိသည်။ ဦးမာန်ဟိန်းကတော့ ဇာနည်ကိုတစ်ချက်မော့ကြည့်ပြီး ဘာစကားမှမပြောသေးပဲ အလုပ်ကိစ္စ စာပြန်နေ၏။ ဇာနည်ရဲ့အချက်အလက်တွေကို ဦးမာန်ဟိန်းကိုယ်တိုင် ထပ်ကာထပ်ကာစစ်ဆေးပြီးပြီဖြစ်သည်။
အမည်က ဇာနည်ဖြစ်ပြီး အဖဦးချမ်းမြေ့ အမိဒေါ်ကေခိုင်တို့ရဲ့ သားဖြစ်ပြီး အဖေရောအမေပါ မရှိတော့ပဲ ပြီးခဲ့တဲ့ ၅ နှစ်လောက်ထဲက လမ်းဘေးမှာသေဆုံးသူတွေအဖြစ် စစ်ဆေးတွေ့ရှိရသည်။ သူတို့မိသားစုရဲ့ နေအိမ်က ကျူးကျော်ရပ်ကွက်မှာရှိပြီး ကြုံရာကျပန်း လုပ်ကိုင်ရှာဖွေစားသောက်တဲ့သူတွေလို့ အချက်အလက်တွေက ဖော်ပြထားပြီး သူတို့ဘက်ကစုံစမ်းမှုတွေအရလဲ မှန်ကန်ကြောင်းပြနေသည်။ ဒီလိုလူမျိုးကို သူတို့ဘက်ကမြေတောင်မြှောက်ပေးပြီး လက်သပ်မွေးလိုက်ရင် ကိုယ့်အပေါ်သစ္စာခံမယ့်လူတွေဖြစ်တာကြောင့် ဇာနည့်ကိုလဲ ဦးမာန်ဟိန်းက ထိုကဲ့သို့ရည်ရွယ်ထားသည်။
"မင်းရဲ့ ဖြစ်ချင်တဲ့ဆန္ဒကိုပြောကြည့်ပါအုန်း"
"သေသည်အထိ ကောင်းကောင်းနေရဖို့"
"ဟားဟား.."
ဦးမာန်ဟိန်းက အဖြေကိုကြားပြီးသဘောတကျရယ်ကာ ခေါင်းကိုတဆက်ဆက်ငြိမ့်လိုက်သည်။
"ဟုတ်ပြီ မင်း ကောင်းကောင်းနေရဖို့ကို အာမခံတယ်...ဒါပေမယ့် ငါ့ကိုသစ္စာရှိမှဖြစ်မယ်"
"ကျုပ်ကိုစောင့်ကြည့်ကြမှာပဲမဟုတ်လား။ ကျုပ်သစ္စာမရှိရင် ကျုပ်အသက်ကို အာမခံနိုင်ပါ့မလား"
